ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ပျံ့နှံ့သွားပြီး သေဆုံးသူ (၅၆၅)ဦး အထိရှိလာ

ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ပျံ့နှံ့သွားပြီး သေဆုံးသူ (၅၆၅)ဦး အထိရှိလာ
ဖေဖော်ဝါရီ 6, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ပျံ့နှံ့သွားပြီး သေဆုံးသူ (၅၆၅)ဦး အထိရှိလာ 

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ်၏ အခြေအနေမှာ 20၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်(၉)နာရီ အချိန်အထိ နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပြီး သေဆုံးသူ (၅၆၅)ဦးအထိရှိလာရာ ဖေဖော်ဝါရီလ (၅)ရက်နေ့မှ (၆)ရက်နေ့အထိ တစ်ရက်အတွင်း (၁၃၈)ဦး တိုးလာခြင်း ဖြစ်သည်။

ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အခြေအနေမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့က တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၄)နိုင်ငံတွင် ရောဂါကူးစက်ခံရသူ (၂,၈၁၆)ဦး နှင့် သေဆုံး(၈၁)ဦးသာ ရှိနေရာမှာ ၂0၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်(၉)နာရီအထိ (၁၁)ရက်အတွင်း ကူးစက်ခံရသူ  (၂၈,၁၄၉)ဦးရှိပြီး ကုသပျောက်ကင်းသူ (၁,၁၄၇)ဦး ရှိသော်လည်း သေဆုံးသူမှာ (၅၆၅)ဦးအထိ ရှိလာကြောင်း သိရသည်။

သေဆုံးသူ စာရင်းမှာ ဖေဖော်ဝါရီလ(၅)ရက်နေ့က သေဆုံးသူ  (၄၂၇)ဦးအထိ ရှိနေရာမှာ ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်(၉)နာရီအထိ (၅၆၅)ဦး ရှိလာရာ တစ်ရက်အတွင်း (၁၃၈)ဦး တိုးလာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါသည် တရုတ်နိုင်ငံ အပါအဝင် ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊  သြစတေးလျာ၊ ဂျာမဏီ၊ အမေရိကန်၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ကနေဒါ၊ အာရပ်ဆော်ဘွားနိုင်ငံ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ ဖီလစ်ပိုင်၊ ဗြိတိန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ စပိန်၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ဖေဖော်ဝါရီလ(၆)ရက်နေ့အထိ ကူးစက်ပျံ့နှံ့နေခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း နယ်စပ်ထွက်ပေါက် ဝင်ပေါက်များဖြစ်သည့် ရှမ်းပြည်နယ်အတွင်းက နယ်စပ်များနှင့် အခြားတိုင်းနှင့်ပြည်နယ်တွင်းရှိ နယ်စပ်ဝင်ပေါက်များတွင် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိပြီး မြန်မာနိုင်ငံအတွင်းမှ စောင့်ကြည့်နေရသည့် ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာ (၁၀)ဦး၏ ဓာတ်ခွဲနမူနာများရယူခဲ့ပြီး ဓါတ်ခွဲပို့ စစ်ထားသည့်အနက် အဖြေရရှိသည့် (၄)ဦးမှာ ဗိုင်းရပ်စ်ပိုး မတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့ ည (၁၀)နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~