ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်း ဆန္ဒပြပွဲတွင် ပစ်ခတ်ခံရ

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်း ဆန္ဒပြပွဲတွင် ပစ်ခတ်ခံရ
နိုဝင်ဘာ 4, 2022 | နိုင်ငံတကာသတင်း
By Mr John

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း  ဝဇီရာဘတ်မြို့တွင် ပြုလုပ်သည့် စုရုံးချီတက် ဆန္ဒပြပွဲတစ်ခုအတွင်း ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရခဲ့ကြောင်းနှင့် သိသာထင်ရှားသည့် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း ၎င်း၏ လက်ထောက်တစ်ဦးက ပြောသည်။ 

"ဒါက သူ့ကိုသတ်ဖို့၊ သူ့ကို လုပ်ကြံဖို့ ကြိုးပမ်းမှုတစ်ခုပဲ" ဟု ၎င်း၏ လက်ထောက်တစ်ဦးက AFP သတင်းဌာနကို ပြောသည်။

ဝန်ကြီးချုပ်ဟောင်းခန်းက အစ္စလာမ်မာဘတ်မြို့မှ မိုင် (၁၂၀) အကွာရှိ ဝဇီရာဘတ် မြို့တွင် ပြုလုပ်သည့် ရွေးကောက်ပွဲစောပြီးကျင်းပရန် အစိုးရကို တောင်းဆိုသည့် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့စဥ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ 

ပစ်ခတ်မှုကြောင့် နောက်ထပ် လူ (၄) ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ခန်း၏ Pakistan Tehreek-e-Insaf (PTI) ပါတီ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အသက် (၇၀) နှစ်အရွယ် အမ်ရန်ခန်းမှာ ညို့သကျည်းတွင် သေနတ်ထိမှန်ခံခဲ့ရပြီး အသက်အန္တရာယ်မရှိကြောင်း ၎င်း၏ လက်ထောက်တစ်ဦးက ပြောထားသလို ခန်း၏ ညို့သကျည်းကို ကျည်ဆန်ထိမှန်ခဲ့ကြောင်း PTI ပါတီ ပြောခွင့်ရပုဂ္ဂိုလ် Fawad Chaudhry က ပြောကြား သည်။

"အမျိုးသားတစ်ယောက်က အော်တိုမတ်တစ် သေနတ်တစ်လက်နဲ့ ပစ်ခတ်ခဲ့တယ်။ လူတွေ ဒဏ်ရာရခဲ့ကြတယ်။ အန်မရန်ခန်းလည်း ဒဏ်ရာရခဲ့တယ်" ဟု လက်ထောက်ဖြစ်သူ Asad Umar က Reuters သတင်းဌာနကို ပြောသည်။ 

ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည့် ဝန်ကြီးချုပ်ဟောင်းခန်းနှင့် ပါတီလုပ်ဖော်ကိုင်ဖက် Faisal Javed တို့ကို ဆေးရုံပို့ခဲ့ကြောင်း Chaudhry က Reuters ကို ပြောသည်။

လက်ရှိဝန်ကြီးချုပ် ရှီဘက်ဇ်ရှရစ်ဖ်က ယခုပစ်ခတ်မှုကို ရှုတ်ချလိုက်ပြီး ချက်ချင်း စုံစမ်းစစ်ဆေးမှုလုပ်ရန် ပြည်ထဲရေးဝန်ကြီးကို ညွှန်ကြားခဲ့သည်။ 

ဝန်ကြီးချုပ်ဟောင်းခန်း ဦးဆောင်သည့် ဆန္ဒပြပွဲတွင် ပစ်ခတ်ခဲ့ကြောင်း သံသယရှိသူ အမျိုးသားတစ်ဦးကို နောက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ပါကစ္စတန်ရုပ်မြင်သံကြားဌာန Geo TV က ပြောသည်။ 

ယခု ပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

ဝန်ကြီးချုပ်ဟောင်းခန်းမှာ ပြီးခဲ့သည့် ဧပြီလအတွင်းက လွှတ်တော်မဲခွဲဆုံးဖြတ်မှုအရ ရာထူးမှ ဖယ်ရှားခံရပြီးနောက် ပါကစ္စတန်နိုင်ငံတဝန်း ဆန္ဒပြချီတက်ပွဲများကို ဦးဆောင်ပြုလုပ်နေခဲ့သည်။ 

ဝန်ကြီးချုပ်ဟောင်းခန်းက ပြည်ပနိုင်ငံများ၏ ရာထူးကြီးပုဂ္ဂိုလ်များထံမှ လက်ခံရရှိခဲ့သော လက်ဆောင်ပစ္စည်းများ၏ အသေးစိတ်ကို မမှန်မကန် ဖော်ပြခဲ့ပြီး ထိုလက်ဆောင်ပစ္စည်းများကို ပြန်ရောင်းချခြင်းဖြင့် ငွေရရှိခဲ့ကြောင်း စွပ်စွဲခံထားရသည်။ 

လက်ဆောင်ပစ္စည်းများတွင် တန်ဖိုးကြီး Rolex လက်ပတ်နာရီများ၊ လက်စွပ်တစ်ကွင်းနှင့် အင်္ကျီလက်ချိတ်ဆက်ကွင်းတစ်စုံတို့ ပါဝင်သည်ဟု ဆိုသည်။

Source: BBC, Reuters