ဘန်ကောက်မြို့ရှိ ဇိမ်ခံနေအိမ်တစ်လုံးတွင် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် ဗီယက်နမ်များကို ဖမ်းဆီး 

ဘန်ကောက်မြို့ရှိ ဇိမ်ခံနေအိမ်တစ်လုံးတွင် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် ဗီယက်နမ်များကို ဖမ်းဆီး 
By Mr John

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တန်ဖိုးကြီး ဇိမ်ခံနေအိမ်တစ်လုံးကို စီးနင်းမှုအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် ဗီယက်နမ်နိုင်ငံသား (၁၈) ဦးကို ဖမ်းဆီး ရမိကြောင်း သိရသည်။ 

လူမှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဘန်ကောက်မြို့ Rama IX ဧရိယာရှိ နေအိမ်တွင် နိုင်ငံခြားသားများ အွန်လိုင်းလောင်းကစားလုပ်ငန်းအတွက် အခြေစိုက်နေရာအဖြစ် အသုံးပြုနေကြောင်း သံသယရှိမှုဖြင့် စီးနင်းရှာဖွေခဲ့ကြကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန Immigration Bureau (IB) အကြီးအကဲ ရဲဒုဗိုလ်ချုပ်ကြီး Ittiphol Itthisarnronchai က ၂၀၂၄ ခုနှစ် မတ်လ (၇) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခဲ့သည်။

ထိုဇိမ်ခံအိမ်အတွင်း အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီး (၈) ဦး ပါဝင်သော ဗီယက်နမ်နိုင်ငံသား (၁၈) ဦး အုပ်စုကို တွေ့ရှိခဲ့ပြီး ၎င်းတို့ကို အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်မှု သို့မဟုတ် အများပြည်သူကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် လောင်းကစားလုပ်ရန် ဆွဲဆောင်မှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံသားများနှင့်အတူ အွန်လိုင်းလောင်းကစားလုပ်ငန်းအတွက် အသုံးပြုသော ကွန်ပျူတာများနှင့် အခြား အသုံးအဆောင်ပစ္စည်းများ အပါအဝင် ပစ္စည်း (၃၈) မျိုးကို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများသည် အိမ်ထဲတွင် နေထိုင်နေကြပြီး အပြင်ထွက်လေ့ မရှိကြောင်းနှင့် အမြဲတမ်း မီးများဖွင့်ထားကြောင်း တိုင်ကြားချက်တစ်ခုကို IB စုံစမ်းစစ်ဆေးရေးမှူးများ လက်ခံရရှိပြီးနောက် ယခုလို စီးနင်းရှာဖွေ ဖမ်းဆီးမှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးကင်မရာ မှတ်တမ်းအရ ဗီယက်နမ် (၁၈) ဦးက လောင်းကစားဝက်ဘ်ဆိုက်များနှင့် ချိတ်ဆက်ထားသော ကွန်ပျူတာများတွင် အလှည့်ကျ အလုပ် လုပ်နေကြသည်ကိုလည်း တွေ့ရသည်။ 

စစ်ဆေးမေးမြန်းမှုအတွင်း ၎င်းတို့အားလုံးက လောင်းကစားဝက်ဘ်ဆိုက်များကို စီမံခန့်ခွဲသူများအဖြစ် လုပ်ကိုင်ခဲ့ကြကြောင်း ဝန်ခံထွက်ဆိုကြသည်။

လောင်းကစားဝက်ဘ်ဆိုက်ပိုင်ရှင်  ဗီယက်နမ်နိုင်ငံသားက လောင်းကစားဝက်ဘ်ဆိုက်တွင် လုပ်ကိုင်ရန် ၎င်းတို့ကို တစ်လလျှင် ဘတ် (၂၀,၀၀၀) စီ ပေးထားကြောင်းနှင့် ၎င်းတို့ ဆွဲဆောင်၍ လောင်းကစားလုပ်သူတို့၏ လောင်းကစားငွေပမာဏပေါ် မူတည်၍ ကော်မရှင်များ ရရှိကြောင်းလည်း သိရသည်။ 

ယခု နေအိမ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက အွန်လိုင်းလောင်းကစားလုပ်ငန်းအတွက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

 

Source: Bangkok Post

Photo: Khaosod