ဆိုမာလီယာနိုင်ငံတွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူဦးရေ (၁၀၀) သေဆုံး

ဆိုမာလီယာနိုင်ငံတွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူဦးရေ (၁၀၀) သေဆုံး
အောက်တိုဘာ 31, 2022 | နိုင်ငံတကာသတင်း
By Mr John

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်ရှိ လူစည်ကားရာ ဈေးလမ်းဆုံနှင့်ကပ်လျက် ပညာရေးဝန်ကြီးဌာနတွင် ပြင်းထန်သည့် ကားဗုံးပေါက်ကွဲမှု (၂) ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၀၀) ဦး သေဆုံးပြီး လူ (၃၀၀) ဦး ဒဏ်ရာရခဲ့ကြောင်း သမ္မတ Hassan Sheikh Mohamud က အောက်တိုဘာလ (၃၀) ရက်တွင် ပြောသည်။ 

 

သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်းလည်း သမ္မတက သတိပေးခဲ့ပြီး ဒဏ်ရာရသူများကို ဆေးကုသရန် နိုင်ငံတကာဆေးဘက်ဆိုင်ရာ အကူအညီများ တောင်းခံခဲ့သည်။

အောက်တိုဘာလ (၂၉) ရက်နေ့က ပညာရေးဝန်ကြီးဌာကို ပစ်မှတ်ထားသည့် ကားဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း မည်သည့်အဖွဲ့ကမှ ချက်ချင်း ထုတ်ဖော်ပြောခြင်း မရှိသေးသော်လည်း al-Shabaab စစ်သွေးကြွအုပ်စု၏ လက်ချက်ဖြစ်ကြောင်း ဆိုမာလီယာသမ္မတက ပြောဆိုခဲ့သည်။  

ဂျီဟတ်ဝါဒီများကို အားပေးထောက်ခံသည့် Somali Memo ဝက်ဘ်ဆိုက်ကမူ ကားဗုံးခွဲတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု al-Shabaab က ပြောကြောင်း ဖော်ပြထားသည်။

မိုဂါဒစ်ရှူးမြို့၏ K5 လမ်းဆုံနေရာမှာ ပုံမှန်အားဖြင့် အရောင်းအဝယ်များဖြင့် စည်ကားသည့်နေရာဖြစ်သော်လည်း အောက်တိုဘာလ (၃၀) ရက်နေ့တွင်မူ ခြောက်ကပ်တိတ်ဆိတ်နေပြီး အရေးပေါ်ဝန်ထမ်းများက လမ်းမများပေါ်နှင့် အဆောက်အအုံများပေါ်ရှိ သွေးများကို ရှင်းလင်းနေဆဲဖြစ်သည်။ 



အောက်တိုဘာလ (၂၉) ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီခန့်က ပညာရေးဝန်ကြီးဌာနတွင် ပထမ ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်  သေဆုံးဒဏ်ရာရသူများကို ကူညီရန် အရေးပေါ်ကားများ ရောက်ရှိလာပြီး လူအများ စုဝေးရှိနေစဥ် ဒုတိယ ကားဗုံးပေါက်ကွဲမှု ထပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ 

ကားဗုံးပေါက်ကွဲမှု (၂) ကြိမ်ကြောင့် ဒဏ်ရာသူများအနက် အချို့မှာ ဒဏ်ရာပြင်းထန်ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း သမ္မတ Mohamud က ပြောသည်။

သမ္မတ Mohamud က ကားဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့်အဖွဲ့ဟု ပြောဆိုခဲ့သည့် al-Shabaab စစ်သွေးကြွအုပ်စုမှာ ဆိုမာလီယာအစိုးရကို ဖြုတ်ချရန်နှင့် အစ္စလာမ်မစ်ဥပဒေ၏ အစွန်းရောက် အဓိပ္ပါယ်ဖွင့်ဆိုမှုအပေါ် အခြေခံသည့် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်မှုကို ဖော်ဆောင်ရန် ကြိုးပမ်းနေသည်။ 

ထိုစစ်သွေးကြွအုပ်စုက မိုဂါဒစ်ရှူးမြို့တော်နှင့် အခြားနေရာများတွင် တိုက်ခိုက်မှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးသော်လည်း လူအများအပြား သေဆုံးခဲ့သည့် တိုက်ခိုက်မှုများကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ပုံမှန်အားဖြင့် ထုတ်ဖော်ပြောလေ့မရှိဟု သိရသည်။

Source: BBC