ထိုင်းနိုင်ငံတွင် ထိုင်းမှတ်ပုံတင်အတု ကိုင်ဆောင်ထားသည့်အပြင် သံရုံးကားနှင့် စစ်တပ်ယူနီဖောင်းအတုတို့နှင့်အတူ တရုတ်အမျိုးသားကို ရဲလဝက က ဖမ်းဆီး

ထိုင်းနိုင်ငံတွင် ထိုင်းမှတ်ပုံတင်အတု ကိုင်ဆောင်ထားသည့်အပြင် သံရုံးကားနှင့် စစ်တပ်ယူနီဖောင်းအတုတို့နှင့်အတူ တရုတ်အမျိုးသားကို ရဲလဝက က ဖမ်းဆီး
နိုဝင်ဘာ 11, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ထိုင်းမှတ်ပုံတင်ကတ်အတု ကိုင်ဆောင်ထားသည့်  အသက် (၃၃) နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး သံတမန်ကားနှင့်တူရန် ပြင်ဆင်ထားသော ဇိမ်ခံကားတစ်စီး၊ အစောင့်အရှောက်လိုက်ပါသည့် ရဲတပ်ဖွဲ့ဆိုင်ကယ်အတု တစ်စီးနှင့် စစ်တပ်ယူနီဖောင်းအတုတစ်စုံတို့ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။



တရုတ်အမျိုးသား Shao Xiaobo ကို ဘန်ကောက်မြို့ Sutthisarn ဧရိယာရှိ ငှားရမ်းထားသည့် အဆောက်အအုံတစ်ခုတွင် နိုဝင်ဘာလ (၈) ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန လက်ထောက်အကြီးအကဲ ရဲဗိုလ်ချုပ် Phanthana Nuchanart က ပြောသည်။ 

တရုတ်အမျိုးသားကို သွားရောက်ဖမ်းဆီးခဲ့သည့် အဆောက်အအုံမှာ ကူးသန်းရောင်းဝယ်ရေးအသင်းတစ်ခု၏ ရုံးခန်းဖြစ်ပြီး အသင်းအမည်ကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော်မပြောခဲ့ပေ။

နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Asia-Pacific Economic Cooperation (APEC) ခေါင်းဆောင်များအစည်းအဝေး မတိုင်မီ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်မှုအဖြစ် ရာဇဝတ်မှုဖြင့် သံသယရှိသူများကို ရှာဖွေဖော်ထုတ်နေစဥ် ထိုင်းမှတ်ပုံတင်ကတ်နှင့် ပတ်စ်ပို့ (၂) ခု ကိုင်ဆောင်ထားသော နိုင်ငံခြားသားအသွင်အပြင်ရှိသူ အမျိုးသားတစ်ဦး၏ အချက်အလက်ကို တွေ့ရှိခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေး ဒုရဲမှူးက ပြောသည်။

ရဲတပ်ဖွဲ့က မှတ်ပုံတင်ကတ်မှာ အတုဖြစ်မည်ဟု သံသယရှိခဲ့မှုကြောင့် ၎င်းကို ဖမ်းဆီးခဲ့သည်။ 

ဖမ်းဆီးခံရသည့် တရုတ်အမျိုးသားကမူ ထိုင်းမှတ်ပုံတင်ကတ်မှာ အတုမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ 

လူတစ်ဦးက မှတ်ပုံတင်ကတ်အတု ဝယ်ယူရန် အကြံပေးခဲ့သော်လည်း ၎င်းက ထိုသို့ မလုပ်ခဲ့ဟု ဆိုသည်။ 

ကူးသန်းရောင်းဝယ်ရေးအသင်း အဆောက်အအုံသို့ ဇိမ်ခံကားတစ်စီးနှင့် သွားရောက်ခဲ့ပြီး ထိုကားရှေ့တွင် ရဲအစောင့်အရှောက် ဆိုင်ကယ်တစ်စီးလည်းပါရှိကြောင်း၊ သို့သော် ကားနှင့်ဆိုင်ကယ်မှာ ၎င်း၏မိတ်‌ဆွေက စီစဥ်ပေးခဲ့ခြင်းဖြစ်ကြောင်း တရုတ်အမျိုးသားက ဝန်ခံထွက်ဆိုသည်။

ရဲအစောင့်အရှောက် ဆိုင်ကယ်မှာ အတုဖြစ်ပြီး ဇိမ်ခံကားမှာလည်း သံတမန်ကားတစ်စီးနှင့်တူရန် ပြင်ဆင်ထားခြင်းဖြစ်ပြီး ကားခေါင်းတွင် နိုင်ငံတော်အလံ (၂) ခု တပ်ဆင်ထားသော်လည်း လိုင်စင်နံပါတ်အရ ထိုကားမှာ ကိုယ်ပိုင်ကားတစ်စီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲဗိုလ်ချုပ် Phanthana က ပြောသည်။ 

တရုတ်အမျိုးသားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုမှုအရ ၎င်းမှာ ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ရန် စီစဥ်ထားခဲ့ကြောင်းနှင့် ထို့ကြောင့် ကူးသန်းရောင်းဝယ်ရေးအသင်းကို လွန်ခဲ့သည့် (၃) နှစ်က ချိတ်ဆက်ခဲ့ကြောင်း သိရသည်။

သို့သော် ယခုအချိန်အထိ ၎င်း၏ စီးပွားရေးလုပ်ငန်းကို မစတင်ရသေးဟု ဆိုသည်။ ကူးသန်းရောင်းဝယ်ရေးအသင်းရှိ တရုတ်အမျိုးသား၏ အခန်းထဲတွင် ၎င်း၏တရုတ်အမည်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးဖော်ပြထားသည့် တံဆိပ်တပ်ထားသော စစ်တပ်ယူနီဖောင်းတစ်စုံကိုလည်း တွေ့ရှိခဲ့သည်။ 

ထို့အတူ အခန်းအတွင်း လေသနတ် (၆) လက်ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးထားသည့် တရုတ်အမျိုးသားကို စာရွက်စာတမ်းအတုလုပ်မှုနှင့် ထိုင်းမှတ်ပုံတင်ကတ်အတု အသုံးပြုမှုတို့ဖြင့် စွဲချက်တင်ထားပြီး အခြား ဥပဒေချိုးဖောက်မှုများရှိ မရှိ ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။

 

Source: Bangkok Post

Photo: The trap news