ဒေါ်နယ်ထရမ့် က သမ္မတသက်တမ်းအတွင်း ၂၀၂၀ ခုနှစ်အတွက် ဝင်ငွေခွန် မပေးဆောင် 

 ဒေါ်နယ်ထရမ့် က သမ္မတသက်တမ်းအတွင်း ၂၀၂၀ ခုနှစ်အတွက် ဝင်ငွေခွန် မပေးဆောင် 
ဒီဇင်ဘာ 22, 2022 | နိုင်ငံတကာသတင်း
By Mr John

 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ များပြားလှသော စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်မှုကြောင့်ဟု တင်ပြခဲ့မှုဖြင့် သမ္မတသက်တမ်း နောက်ဆုံးနှစ် တစ်နှစ်လုံးတွင် ဝင်ငွေခွန်ပေးဆောင်ခဲ့ခြင်းမရှိကြောင်း ကွန်ဂရက်လွှတ်တော် ကော်မတီတစ်ရပ်က ထုတ်ပြန်လိုက်သည့် အခွန်ဆိုင်ရာ ကိန်းဂဏန်းများအရ သိရှိရသည်။

တစ်နှစ်ကြာ အတိုက်အခံရှိခဲ့ပြီးနောက် ဒီမိုကရက်တစ်တို့ ဦးဆောင်သည့် House of Representatives Ways and Means Committee က ဒီဇင်ဘာလ (၂၀) ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် မှတ်တမ်းများအရ ထရမ့်၏ ဝင်ငွေနှင့် ၎င်း၏ အခွန်ပေးဆောင်မှုမှာ ၎င်း၏ သမ္မတသက်တမ်း (၄) နှစ်အတွင်း သိသာစွာ အတက်အကျ ဖြစ်နေခဲ့သည်ကို တွေ့ရသည်။

ယခု အခွန်မှတ်တမ်းများက သမ္မတရွေးကောက်ပွဲ နောက်တစ်ကြိမ် ဝင်ရောက်ယှဥ်ပြိုင်ရန် စီစဥ်ထားသည့် ရီပတ်ဘလစ်ကင်တစ်ဦးဖြစ်သူ ထရမ့်၏ ကာလရှည်ကြာ တည်ဆောက်ထားခဲ့သော အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်ဂုဏ်ပုဒ်ကို ထိခိုက်စေခဲ့သည်။ 

ထရမ့်နှင့် ၎င်း၏ဇနီး မီလန်နီယာတို့က သမ္မတသက်တမ်း (၄) နှစ်လုံး အခွန်အချို့ ပေးဆောင်ခဲ့ကြောင်း အခွန်ဆိုင်ရာ စာရွက်စာတမ်းများက ဖော်ပြထားသည်။

သို့သော် ထရမ့်၏ စီးပွားရေးလုပ်ငန်းများမှ ရရှိလာသော ၎င်းတို့၏ ဝင်ငွေခွန်ကို လျှော့ချနိုင်ခဲ့သည်ဟု ဆိုသည်။ 

ထရမ့်၏ စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေပမာဏတွင် အမေရိကန်ဒေါ်လာ (၉၁၆) သန်းကို နုတ်ထားခြင်း အပါအဝင် ဝင်ငွေလျှော့ချထားခြင်းများကို ကွန်ဂရက်လွှတ်တော် ကော်မတီက မေးခွန်းထုတ်ခဲ့သည်။ 

ကော်မတီက တည်းဖြတ်ထားသည့် ထရမ့်၏ အခွန်ဆိုင်ရာ မှတ်တမ်းအပြည့်အစုံကို လာမည့်ရက်များအတွင်း ထုတ်ပြန်သွားမည်ဟု မျှော်လင့်ရသည်။

အမေရိကန်တွင် အခြား အဓိကပါတီ ကိုယ်စားလှယ်လောင်းများက အခွန်ပေးဆောင်မှု မှတ်တမ်းများကို လူသိရှင်ကြား ထုတ်ပြန်လာခဲ့သည်မှာ ဆယ်စုနှစ်များကြာပြီဖြစ်သော်လည်း ထရမ့်ကမူ သမ္မတရွေးကောက်ပွဲဝင်ရန် ယှဥ်ပြိုင်မှု (၂) ကြိမ်အတွင်း ၎င်း၏ အခွန်ပေးဆောင်မှုများကို လူသိရှင်ကြား ထုတ်ပြန်ရန် ငြင်းဆန်ခဲ့သည်။ 

လွှတ်တော်ကော်မတီက ထရမ့်၏ အခွန်မှတ်တမ်းများကို ထုတ်ပြန်ရန် တစ်နှစ်ကြာ အတိုက်အခံရှိခဲ့ပြီးနောက် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင်မူ လူသိရှင်ကြား ထုတ်ပြန်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Source: Reuters