ဝမ်တွင်းမြို့မှ PDF (၂)ဦးစလုံးကို စစ်ကောင်စီက သေဒဏ် ချမှတ်ပြီး တစ်ဦးကို ထောင်ဒဏ် (၂၂၅) နှစ် နှင့် တစ်ဦးကို ထောင်ဒဏ် (၉၅)နှစ် ချမှတ် 

ဝမ်တွင်းမြို့မှ PDF (၂)ဦးစလုံးကို စစ်ကောင်စီက သေဒဏ် ချမှတ်ပြီး တစ်ဦးကို ထောင်ဒဏ် (၂၂၅) နှစ် နှင့် တစ်ဦးကို ထောင်ဒဏ် (၉၅)နှစ် ချမှတ် 
အောက်တိုဘာ 27, 2022 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်အတွင်း ဇန်နဝါရီလအတွင်းက ဖမ်းဆီးခံခဲ့ရသည့် ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကွယ်ရေးအင်အားစု ( WTRF )မှ PDF (၂)ဦးကို  အာဏာသိမ်းစစ်ကောင်စီ၏ မိထ္တီလာခရိုင်တရားရုံးက ဖောက်ခွဲမှုများ ပြုလုပ်ခြင်း နှင့် ဒလန်များကို သတ်ဖြတ် ရှင်းလင်းခြင်းများကြောင့်ဟု ဆိုကာ သေဒဏ် ချမှတ်သည့်အပြင် နှစ်ရှည်ထောင်ဒဏ်များပါ  အောက်တိုဘာလ(၂၆)ရက်နေ့က အမိန့်ချလိုက်ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကွယ်ရေးအင်အားစု ( WTRF )မှ PDF (၂)ဦး ဖြစ်သည့် အသက်(၃၀)နှစ်ရှိ ကိုကျော်သက်အား  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၏ အသီးသီးဖြင့်  စုစုပေါင်း ထောင်ဒဏ်အဖြစ် (၂၂၅)နှစ် ချမှတ်ခြင်းဖြစ်သလို သေဒဏ်လည်း ချမှတ်လိုက်ခြင်းဖြစ်သည်။

 

ကျန်ရှိသည့် တစ်ဦးမှာ အသက်(၃၆)နှစ်အရွယ် ကိုနှင်းမောင်ဖြစ်ပြီး ၎င်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၏ အသီးသီးဖြင့် စုစုပေါင်း ထောင်ဒဏ်အဖြစ် (၉၅)နှစ် ချမှတ်သည့်အပြင် သေဒဏ်လည်း ချမှတ်လိုက်ခြင်း ဖြစ်သည်။

၎င်းတို့သည် ဗုံးဖောက်ခွဲမှုများ ပြုလုပ်သည့်အပြင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊ စရဖ နှင့် ရဲတပ်ဖွဲ့တို့ကို သတင်းပေးသည့်  ဒလန်များကို ရှင်းလင်းသတ်ဖြတ်၍ဟု ဆိုကာ  ထောင်ဒဏ်အပြင် သေဒဏ်ပါ ချမှတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ 

"ဝမ်းတွင်း PDF နှစ်ဦး မနေ့က မိတ္ထီလာခရိုင်တရားရုံးက သေဒဏ်အပေးခံရပြီး မြင်းခြံထောင်ကို ပို့လိုက်တယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၇)ရက်နေ့က ပြောသည်။ 

  

နှစ်ရှည်ထောင်ဒဏ် နှင့် သေဒဏ်ပေးခံထားရသည့် (၂)ဦးသည် ဝမ်းတွင်းမြို့နယ်၊ တဲစုကျေးရွာအတွင်း ၂၀၂၂ခုနှစ် ဇန်ဝါရဝါရီလ(၂၉)ရက်နေ့က ဆိုင်ကယ်တစ်စီးဖြင့် (၃)ဦး စီးလာစဉ် စစ်ကောင်စီ၏ စစ်တပ်၊ ရဲတို့နှင့် တွေ့ပြီး ပစ်ခတ် ဖမ်းဆီးခံရခြင်းဖြစ်ရာ (၃)ဦး အနက်  အသက်(၂၈)နှစ်အရွယ် ကိုညီညီမှာ စစ်ကောင်စီ၏ စစ်တပ် နှင့် ရဲတို့၏ ပစ်ခတ်မှုကြောင့် နေရာတွင် သေဆုံးသွားခဲ့သည်။

ယင်းနောက် ကိုကျော်သက် နှင့် ကိုနှင်းမောင်တို့မှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့ကို စစ်ကောင်စီတပ်၏ စရဖများက ညှင်းပမ်းနှိပ်စက် စစ်ဆေးပြီးနောက် ဒလန် (၂၀)ကျော်ကို သတ်ဖြတ်မှုကြောင့် ဟုဆိုကာ အကြမ်းဖက်ဥပဒေပုဒ်မများစွာဖြင့် အမှုဖွင့်ခံရပြီး (၁၀)လ ဝန်းကျင်အကြာတွင် ယခုလို အမိန့်ချခံရခြင်း ဖြစ်ကြောင်း သိရသည်။