တီးတိန်မြို့နယ် သိုင်းငင်း စစ်ကောင်စီတပ် ကင်းစခန်းကို ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်

တီးတိန်မြို့နယ် သိုင်းငင်း စစ်ကောင်စီတပ် ကင်းစခန်းကို ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်

ချင်းပြည်နယ် တီးတိန်မြို့နယ် စီးယင်း ဒေသအတွင်းရှိ သိုင်းငင်း စစ်ကောင်စီတပ် ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ပေါင်းစုက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ကင်းစခန်းကို ယနေ့ နံနက် (၅)နာရီခွဲ ဝန်းကျင်မှ နေ့လည် (၁၂)နာရီဝန်းကျင်အထိ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်(၄)ဦးကျဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကာ အထိနာသည့် စစ်ကောင်စီတပ်က တိုက်လေယဉ်ဖြင့် (၃)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

"လက်ရှိအခြေနေက ကျွန်တော်တို့ ပြန်ဆုတ်လိုက်ရတယ်။ အခုတော့ အကုန်ဘေးကင်းသွားပါပြီ။ ရဲဘော်(၄)ဦးကျရှူံးပြီး ဒဏ်ရာရတဲ့သူတစ်ချို့ရှိတယ်။ စကစဘက်က အကျများတယ်။ လေယာဉ်နဲ့ဗုံးကြဲတာတော့ မရှိတော့ဘူး။ အရပ်သားတွေကတော့ မတိုက်ခင် ရှောင်ခိုင်းထားတော့ ဘေးကင်းကြတယ်။"ဟု People Defence Army-PDAမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့အပြင် ကလေးတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ စစ်ကောင်စီ တပ်ကလည်း (၁၂၂)မမ အမြောက်များဖြင့် ပစ်ကူပေးခဲ့သည့်အပြင် လေကြောင်းပစ်ခတ်မှုများကြောင့် ပြန်ဆုတ်ပေးလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

"ကျည်မလောက်တော့လို့ ဆုတ်လိုက်ရတဲ့သဘောပါ။ ပြီးတော့ လက်နက်ကြီးနဲ့ လေယာဉ်ပစ်ကူကလည်း အဆက်မပြတ် လာနေတော့ ပြန်ဆုတ်လိုက်တာပါ။ စကစဘက်ကတော့ ကလေးမြို့ထဲမှာ စစ်ဆေးရေးကို နေရာတိုင်းလိုလိုမှာ လုပ်နေတယ်။"ဟု People Defence Army-PDA မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြော သည်။

တိုက်ခိုက်မှုကို CDF CDM SIYIN၊ PDF Zoland၊ ME B5၊ CNDF၊ TCDF၊ KKG B7၊ PDA နှင့် PDF Kalay S2 တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Winnet Myanmar