နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်း ဖြစ်စဉ်ကြောင့် နေအိမ်အဆောက်အဦပေါင်း (၂၃၆)လုံး ပြိုကျပျက်စီးကာ လူပေါင်း (၉၆၇)ဦး လေဘေးသင့်ခဲ့ရ

နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်း ဖြစ်စဉ်ကြောင့် နေအိမ်အဆောက်အဦပေါင်း (၂၃၆)လုံး ပြိုကျပျက်စီးကာ လူပေါင်း (၉၆၇)ဦး လေဘေးသင့်ခဲ့ရ

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၂၀၂၃ခုနှစ် ဧပြီလ(၂၁)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သက်ဆိုင်ရာများ၏ စာရင်းကောက်ယူမှုအရ လူနေအိမ်နှင့် ဘုန်းကြီးကျောင်းများ အပါအဝင် အဆောက်အဦ(၂၃၆)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လယ်ဝေးမြို့နယ်အတွင်း အောင်မြင်ကုန်းကျေးရွာမှ လူနေအိမ်(၁၅၅)လုံး အပါအဝင် စာသင်ကျောင်း(၁)ကျောင်း၊ ကျေးလက်ဆေးပေးခန်း(၁)လုံး နှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း စုစုပေါင်း အဆောက်အဦ (၁၅၈)လုံး ပြိုကျ ပျက်စီးခဲ့ရသည်။

အလားတူ တံတားဦးကျေးရွာအတွင်းမှ လူနေအိမ်(၇၇)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်းတို့ ထိခိုက် ပျက်စီးခဲ့ရာ စုစုပေါင်း အဆောက်အဦ (၇၈)လုံး ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရသည်။

ပြင်းထန်သည့် လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦ စုစုပေါင်း (၂၃၆)လုံး ပြိုကျပျက်စီးသွားသလို လူ(၆)ဦး သေဆုံးပြီး လူပေါင်း (၁၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လူပေါင်း (၉၆၇)ဦးမှာ လေဘေးသင့်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများမှာ  နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး ခုတင်(၁၀၀၀)တွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။