ထိုင်းနိုင်ငံတွင် ကလေးငယ် (၉၂,၀၀၀) ကျော်မှာ မူးယစ်ဆေးဝါးနှင့် ထိတွေ့နိုင်ခြေရှိဟု လေ့လာမှုကဆို

ထိုင်းနိုင်ငံတွင် ကလေးငယ် (၉၂,၀၀၀) ကျော်မှာ မူးယစ်ဆေးဝါးနှင့် ထိတွေ့နိုင်ခြေရှိဟု လေ့လာမှုကဆို
By Mr John

 

ထိုင်းနိုင်ငံတွင် မူလတန်းအရွယ် ကလေးငယ် (၉၂,၀၀၀) ကျော်မှာ မူးယစ်ဆေးဝါးနှင့် ထိတွေ့နိုင်ခြေရှိပြီး အထူးသဖြင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ဆင်းရဲသော မိဘများထံတွင် ကြီးပြင်းလာသော  ကလေးငယ်များဖြစ်ကြောင်း Mahidol တက္ကသိုလ်၏ National Institute for Child and Family Development (NICFD) ၏ သုတေသနအရ သိရှိရသည်။

ဘန်ကောက်မြို့၏ ဆင်းရဲသားရပ်ကွက်‌တွင် နေထိုင်ပြီး အနည်းဆုံး အသက် (၆) နှစ်အထိအရွယ် ကလေးတစ်ဦးရှိသည့် မိသားစု (၁,၃၀၉)ကို NICFD က သုတေသနပြု လေ့လာခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ လေ့လာမှုအရ (၆) ရာခိုင်နှုန်း သို့မဟုတ် မိသားစု (၈၃)ခု၏ မိဘများ သို့မဟုတ် အုပ်ထိန်းသူများမှာ မူးယစ်ဆေးစွဲသည့် ရာဇဝင်ရှိကြသည်ကို တွေ့ရကြောင်း NICFD အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Adisak Plitapolkarnpim က ၂၀၂၃ခုနှစ် မေလ၏ တတိယပတ်အတွင်းက ပြောသည်။

လေ့လာမှုစစ်တမ်း ရလဒ်အရ ကလေးမရှိသော သို့မဟုတ် မူလတန်းအရွယ် ကလေးငယ်မရှိသော ဆင်းရဲနွမ်းပါးသည့် မိသားစု အနည်းဆုံး (၁၅၄,၈၀၀) ခုတွင် မူးယစ်ဆေးစွဲဖူးသူ မိဘများ သို့မဟုတ် အုပ်ထိန်းသူများရှိနိုင်ကြောင်း တွေ့ရသည်။

 ထိုအိမ်ထောင်စုများတွင် မူလတန်းကျောင်းနေအရွယ် ကလေးငယ် (၉၂,၈၈၀) ရှိမည်ဟု ခန့်မှန်းထားသည်။

NICFD က လေ့လာမှုအတွက် ဆင်းရဲနွမ်းပါးသည့် မိသားစုများအဖြစ် သတ်မှတ်ရာတွင် ၎င်းတို့၏ ကလေးများ မွေးဖွားခဲ့ပြီးနောက် တစ်လလျှင် ထောက်ပံ့ငွေ ဘတ် (၆၀၀) ကို (၆) နှစ်ကြာ လက်ခံရရှိသည့် မိသားစုများကို စာရင်းထည့်သွင်းခဲ့သည်။ 

လေ့လာမှုအရ ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကလေးငယ်များမှာ မူးယစ်ဆေးဝါးနှင့် ထိတွေ့နိုင်ခြေနှင့် မူးယစ်ဆေးစွဲနိုင်ခြေ အနည်းဆုံး (၂.၄) ဆ ပိုများကြောင်းနှင့် ထိုမိသားစုများ၏ မိဘများအနက် (၆၀) ရာခိုင်နှုန်းက ၎င်းတို့၏ ကလေးများကို အကြမ်းဖက်မှုသုံး၍ ပြုစုပျိုးထောင်လေ့ရှိကြောင်း တွေ့ရသည်။

 

Soruce: Bangkok Post