မြို့ပြပြောက်ကျားအဖွဲ့များ စတင်လှုပ်ရှားတော့မည်ဟု တရားဝင် အသိပေးလိုက်သည့် တာချီလိတ်မြို့တွင် စစ်ဆေးမှုအတွင်း လှည့်မောင်းသည့် ကားကို သေနတ်ဖြင့် ပစ်ဖမ်း

မြို့ပြပြောက်ကျားအဖွဲ့များ စတင်လှုပ်ရှားတော့မည်ဟု တရားဝင် အသိပေးလိုက်သည့် တာချီလိတ်မြို့တွင် စစ်ဆေးမှုအတွင်း လှည့်မောင်းသည့် ကားကို သေနတ်ဖြင့် ပစ်ဖမ်း
အောက်တိုဘာ 21, 2022 | 2021 Military Coup| ရှမ်းရှေ့

မြို့ပြပြောက်ကျားအဖွဲ့များ စတင်လှုပ်ရှားတော့မည်ဟု တရားဝင် အသိပေးလိုက်သည့် တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် အလုပ်အကြွေးပြုနေသည့် အာဏာသိမ်း စစ်တပ် နှင့် ရဲအပါအဝင် ပူးပေါင်းအဖွဲ့က ညပိုင်း စစ်ဆေးမှုကို ချက်ချင်းလုပ်ဆောင်ပြီး သေနတ်ဖြင့် ပစ်ဖမ်းသည်အထိ လုပ်ဆောင်နေကြောင်း သိရသည်။

၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့ ည(၉)နာရီ ဝန်းကျင်အချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ပိုင်နက်ထဲ ဖြစ်သည့် ရီဂျီးနားဟိုတယ်မှ ဝမ်မိုင်ရွာထဲသို့ သွားရာလမ်း ရေကန်အနီးတွင် စစ်တပ်၊ ရဲ နှင့် စစ်တပ်၏ လက်အောက်ခံ ပြည်သူစစ်များ အပါအဝင် စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် ဝမ်မိုင်ဘက်သို့ ဦးတည်မောင်းလာသည့် ကားတစ်စီးသည် စစ်ဆေးရေးအဖွဲ့ကို တွေ့၍ အနောက်ပြန်ကွေ့မောင်းစဉ်  သေနတ်ဖြင့် အနည်းဆုံး (၅)ချက်ကျော် ပစ်ခတ်ဖမ်းသည်ဟု သိရသည်။

"အမြဲ ဂွင်ဖန်ပြီး စစ်နေကြ ဝမ်မိုင်အဆင်းလမ်းမှာ ညက သေနတ်သံ (၂)ကြိမ် ဆက်တိုက်ကြားရတယ်။ ပထမတစ်ကြိမ်က (၂)ချက်လောက်၊ ဒုတိယအကြိမ်က (၅)ချက်အထက် ကြားရတယ်။ ရှေ့နဲ့နောက် ဆက်တိုက်ကြားရတာ။ တစ်ဦး ဖမ်းခံရတယ်လို့ ကြားတယ်။ ဒီနေရာမှာက တခုခုဆို အမြဲစစ်နေကြ။ စစ်ဆေးနေတဲ့အချိန် အနောက်ပြန်လှည့်မောင်းတာတို့၊ မောင်းပြေးတာတို့ လုပ်ရင် ပစ်ဖမ်းဆိုပြီး အရင်ကတည်းက ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းက အမိန့်ပေးထားတာရှိတယ်လို့ ကြားရတယ်"ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဝမ်မိုင်ရွာတွင်းနေသူ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

အောက်တိုဘာလ(၂၀)ရက်နေ့က စစ်တပ်၊ ရဲ နှင့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်၊ ယာဉ်ထိန်းရဲတို့ ပါဝင်သည့် အဖွဲ့က ရီဂျီးနားဟိုတယ်မှ ဝမ်မိုင်အဆင်းလမ်း၊ ပါလျှံမီးပွိုင့်၊ ဟောင်လိတ်မီးပွိုင့် နှင့် အခြားနေရာများတွင် ည(၁၂)နာရီမှ (၂)နာရီအထိ လှည့်လည် ကင်းပုန်းစောင့် စစ်သည်အထိ လုပ်ဆောင်သည်ဟု သတင်းရင်းမြစ်များထံက သိရသည်။

နယ်စည်းမခြား ပြောက်ကျားရဲဘော်များဖြစ်သည့် Eastern Red Lion က "သွေးမအေးနဲ့ တာချီလိတ် ငါတို့ပြန်လာမယ်၊ ဖောက်ပြန်သူမှန်သမျှ မရှင်သန်စေရ ရဲဘော်များကို ကူညီပါ"ဆိုသည့် စာသားများပါသော စာရွက်များကို မြို့တွင်းနေရာများတွင် ဖြန့်ဝေခြင်းနှင့် လိုက်လံ ကပ်ထားမှုများအဖြစ် လုပ်ဆောင်ခဲ့ကြောင်း ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့က သတင်းထုတ်ပြန်လာပြီးနောက် ညပိုင်းတွင် တင်းကြပ်စွာ စစ်ဆေးနေခြင်း ဖြစ်သည်။