ထိုင်းဘတ်ငွေသာ အားထားအသုံးပြုနေရသည့် တာချီလိတ်မြို့တွင် ထိုင်းငွေစက္ကူ (၁၀၀၀)တန် အတုများ ထွက်ပေါ်နေ

ထိုင်းဘတ်ငွေသာ အားထားအသုံးပြုနေရသည့် တာချီလိတ်မြို့တွင် ထိုင်းငွေစက္ကူ (၁၀၀၀)တန် အတုများ ထွက်ပေါ်နေ
အောက်တိုဘာ 15, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၊ ထိုင်းဘတ်ငွေကိုသာ အဓိက အားထား အသုံးပြုနေရသည့် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ (၁၀၀၀)တန်အတုများ ထွက်ပေါ်နေသည့်အတွက် ဘတ်ငွေ သုံးစွဲသူ တာချီလိတ်ဒေသခံများ သတိထားနိုင်ရန် လူမှုကွန်ရက်တွင် အောက်တိုဘာလ(၁၄)ရက်နေ့က အချင်းချင်း အသိပေး မျှဝေထားသည်ကို တွေ့ရသည်။

လူမှုကွန်ရက်တွင် အသိပေးထားသူက အဆိုပါ ငွေစက္ကူအတုများကို ကုန်ပစ္စည်းအရောင်းအဝယ်ပြုလုပ်ရင်း ရရှိခဲ့ခြင်းဖြစ်ကာ ငွေစက္ကူအတုမှာ ပုံတွင် ဖော်ပြပါ အရေအတွက်ထက် များနေသည့်အတွက် တာချီလိတ်ဒေသခံများအနေဖြင့် ငွေစက္ကူ အတု အစစ် ခွဲခြား သတိထားနိုင်ရန် မေတ္တာဖြင့် အသိပေးခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ငွေစက္ကူအတုများသည်  ငွေသားစက္ကူအစစ်နှင့် အသားမတူဘဲ ကိုင်ကြည့်ရုံဖြင့် အလွယ်တကူသိရှိနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မြန်မာကျပ်ငွေထက် ထိုင်းဘတ်ငွေကိုသာ အဓိက အားထား အသုံးပြုနေခြင်းဖြစ်ပြီး တာချီလိတ်မြို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မြို့များအနက် ထိုင်းဘတ်ငွေ၏ လွှမ်းမိုးမှုမှာ တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယု၊ ကျိုင်းလပ်၊ မိုင်းဆတ် နှင့် မိုင်းတုံမြို့များအထိ သက်ရောက်မှုရှိပြီး ကျိုင်းတုံမြို့တွင်လည်း ထိုင်းဘတ်ငွေ၏ လွှမ်းမိုးမှု အနည်းငယ်ရှိကြောင်း သိရသည်။