စစ်ကောင်စီတပ်က ခရီးသွားများကို ပစ်ခတ်မှုများရှိနေ၍ မိုးဗြဲ - ပီကင်းကားလမ်းပေါ် သွားလာခြင်း မပြုလုပ်ရန် မိုးဗြဲ PDF က အသိပေး

စစ်ကောင်စီတပ်က ခရီးသွားများကို ပစ်ခတ်မှုများရှိနေ၍ မိုးဗြဲ - ပီကင်းကားလမ်းပေါ် သွားလာခြင်း မပြုလုပ်ရန် မိုးဗြဲ PDF က အသိပေး
အောက်တိုဘာ 14, 2022 | 2021 Military Coup| ကယား

 ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာသိမ်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသည့် ခရီးသွား အမျိုးသား(၂)ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးမှ စိုးရိမ်ရသည့် ဦးခေါင်းဒဏ်ရာရရှိသွား၍  မိုးဗြဲ-ပီကင်းကားလမ်းကို လုံးဝ (လုံးဝ) အသွားအလာ မပြုလုပ်ကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၏ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန က သတင်းထုတ်ပြန်ကာ အသိပေးထားသည်။



ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်(၈)နာရီ ဝန်းကျင်ကစပြီး နေ့လည်(၁၂)နာရီ ခွဲဝန်းကျင်အထိ အာဏာသိမ်းစစ်ကောင်စီတပ်သည် မိုးဗြဲ - ပီကင်းကားလမ်းတွင် သွားလာနေသည့် ခရီးသွားများအား ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

စက်တော်ရာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဖြင့် လာသည့် ခရီးသွား အမျိုးသား(၂)ဦး အနက် တစ်ဦးမှာ ဦးခေါင်းထိမှန်ထားသည့် စိုးရိမ်ရသော ဒဏ်ရာရရှိထားပြီး ကျန်တစ်ဦးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိထားသည့် ပြည်သူတစ်ဦးကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့များက ပူးပေါင်း ကယ်ထုတ်ရင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ထိတွေ့ ပစ်ခတ်မှု အနည်းခဲ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 အာဏာသိမ်းစစ်ကောင်စီတပ်၏ ပစ်ခတ် ရမ်းကားမှုများကြောင်း ခရီးသွားပြည်သူများ ဘေးကင်းရေးအတွက် မိုးဗြဲ-ပီကင်းကားလမ်းကို လုံးဝ (လုံးဝ) အသွားအလာ မပြုလုပ်ကြရန် အသိပေး မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။

လက်ရှိ ယခုညအထိ လွိုင်ကော်မြို့အထွက် နွားလဝိုး၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်သေဆုံးသူများနေကာ ပြည်သူ့တပ်ဖွဲ့ဖက်မှလည်း အထိအခိုက်ရှိထားကြောင်း သိရသည်။

#TachileikNewsAgency