ကယားပြည်နယ်အတွက် ရရှိထားသည့် အရေးပေါ်ရန်ပုံငွေ ကျပ်သန်း(၁၀၀၀)ကို လုပ်ထုံးလုပ်နည်းအရ သုံးလို့မရသေးကြောင်း ဝန်ကြီးဖြေ

ကယားပြည်နယ်အတွက် ရရှိထားသည့် အရေးပေါ်ရန်ပုံငွေ ကျပ်သန်း(၁၀၀၀)ကို လုပ်ထုံးလုပ်နည်းအရ သုံးလို့မရသေးကြောင်း ဝန်ကြီးဖြေ
စက်တင်ဘာ 5, 2020
By Tachileik News Agency
 ကယားပြည်နယ်အတွက် ရရှိထားသည့် အရေးပေါ်ရန်ပုံငွေ ကျပ်သန်း(၁၀၀၀)ကို လုပ်ထုံးလုပ်နည်းအရ သုံးလို့မရသေးကြောင်း ဝန်ကြီးဖြေ
 
ကယားပြည်နယ်အတွက် အရေးပေါ်ရန်ပုံငွေ နှစ်စဉ်ရရှိနေမှုနှင့် အသုံးပြုထားမှု အခြေအနေအား ၂၀၂၀ခုနှစ် စက်တင်ဘာလ (၂)ရက်နေ့က ကျင်းပခဲ့သည့်  ကယားပြည်နယ်လွှတ်တော် အစည်းအဝေးတွင်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က မေးမြန်းရာ လုပ်ထုံးလုပ်နည်းအရ သုံးစွဲ၍မရသေးကြောင်း  ပြည်နယ်ဝန်ကြီးက  ပြန်လည် ဖြေကြားလိုက်သည်။
“ဒီ အရေးပေါ် ရန်ပုံငွေဟာ ၂၀၁၉-၂၀၂၀ ဘတ်ဂျတ်ကျမှ စရတာပါ။ ကျွန်တော်တို့အစိုးရ လက်ထက်မှာပါ။  အဲ့ဒါ သန်း(၁၀၀၀)ပါပဲ ။ လုပ်ထုံးလုပ်နည်း တွေအရ သုံးလို့မရသေးပါဘူး ။ ဒါကြောင့်မသုံးသေးတာပါ ။”ဟု ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရမှ ထောက်ပံ့ထားသည့် အရေးပေါ်ရန်ပုံငွေမှာ ဘဏ္ဍာနှစ်အတွင်း ကြိုတင်မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာမည့် ကိစ္စများအတွက်သာ ဆောင်ရွက်ခွင့်ရှိခြင်းဖြစ်ပြီး ရန်ပုံငွေသုံးစွဲလိုပါက ပြည်နယ်အစိုးရမှ သုံးစွဲလိုသည့် ကိစ္စရပ်များအတွက် အကြောင်းကျိုးဖော်ပြချက်များကို အနီးကပ်ဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြရမှာဖြစ်ပြီး ပြည်ထောင်စုအစိုးရ၏ ဆုံးဖြတ်ချက်အရသာ သုံးစွဲခွင့်ရရှိမှာ ဖြစ်ကြောင်း သိရသည်။
အရေးပေါ်ရန်ပုံငွေကို သုံးစွဲရာတွင် အရေးပေါ်ကိစ္စအားလုံးအတွက် သုံးစွဲဖို့လိုအပ်ပြီး ယခုလို အရေးပေါ် Covid-19 ကာလအတွင်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိ၍ ဖွင့်ခွင့်ရရှိသော အခြေခံပညာကျောင်းများအတွက် လိုအပ်ချက်များကို ကျောင်းတွေကိုသာ လုပ်ဆောင်ခိုင်းနေခြင်းမှာ အဆင်မပြေနိုင်ဘဲ အရေးပေါ်ရန်ပုံငွေအား အဆိုပါကျောင်းများအတွက် သုံးစွဲသင့်ကြောင်း  လွှတ်တော်တွင်မေးခွန်းမေးမြန်းခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ဦးသဲရယ်က ပြောသည်။
“အရေးပေါ်ရန်ပုံငွေက နှစ်စဉ်နှစ်တိုင်းရတယ်လို့ ကျွန်တော်က သိထားတာပေါ့။ လွှတ်တော်မှာ ဝန်ကြီးဖြေသွားတာကတော့ ဒီ၂၀၁၉-၂၀၂၀ မှအရေးပေါ် ရန်ပုံငွေက စရတဲ့သဘောပေါ့။ အရေးပေါ်ရန်ပုံငွေလို့ပြောရင် ဖြစ်လာတဲ့ အရေးပေါ်ကိစ္စတွေမှန်သမျှ သုံးဖို့လိုတယ်။ အထူးသဖြင့် အခု ကိုဗစ်ကိစ္စနဲ့ ပက်သက်လာလို့ရှိရင်တော့ ပိုပြီးတော့မှ သုံးဖို့လိုတယ်ပေါ့နော်။ ”ဟု မေးခွန်းမေးမြန်းခဲ့သည့် ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောသည်။
ကယားပြည်နယ်တွင်  အစိုးရသစ် စတင်ကတည်းက  အရေးပေါ်ရန်ပုံငွေများ နှစ်စဉ်ရရှိခြင်း မရှိခဲ့ဘဲ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှသာ ကယားပြည်နယ်အတွက် ပြည်ထောင်စုအစိုးရမှ အရေးပေါ် ရန်ပုံငွေအဖြစ် ကျပ်သန်း(၁၀၀၀)အား ထောက်ပံ့ပေးခဲ့ပြီး ယခုချိန်ထိ သုံးစွဲခြင်းမရှိသေးကြောင်းသိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~