ဘွမ်ရယ်ဘွမ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ် ဗန်းမော်-မြစ်ကြီးနားလမ်းအနီးတွင် ပိတ်ဆို့တိုက်ခိုက်ခံရသဖြင့် အများအပြားသေဆုံး

ဘွမ်ရယ်ဘွမ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ် ဗန်းမော်-မြစ်ကြီးနားလမ်းအနီးတွင် ပိတ်ဆို့တိုက်ခိုက်ခံရသဖြင့် အများအပြားသေဆုံး

ကချင်ပြည်နယ်၊  KIO ဌာနချုပ် လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးကျန် ဘွမ်ရယ်ဘွမ်ဗျူဟာတပ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများကို KIA ကတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ သေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း KIA နှင့်နီးစပ်သူများထံမှ သိရသည်။

၂၀၂၄ခုနှစ် မတ်လ(၁၅)ရက်နေ့ နေ့လယ်ပိုင်းတွင် KIAက ဘွမ်ရယ်ဘွမ်ဗျူဟာတပ်စခန်းကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြပြီး ယနေ့ မတ်လ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် မိုးလဲချောင်းရိုး မန်မော်၊ တိမ်မကျိုင်း၌ ထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ဘွမ်ရယ်ဘွမ်တောင်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေ အင်အား(၂၀၀)ကျော်လောက်ပါတယ်။ ဝိုင်းပတ်ပြီး တိုက်ခိုက်တာပါ။"ဟု KIA နှင့်နီးစပ်သူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ထွက်ပြေးစစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရသည့် နေရာသည် ဗန်းမော်-မြစ်ကြီးနားလမ်းတောင်ဘက် မိုးလဲချောင်းအနီးတွင်ဖြစ်သည်ဟု သိရသည်။

အဆိုပါစစ်ကောင်စီတပ်တွင် စကခ(၂၁)ဗန်းမော်တပ်မှ စကခမှူး ဗိုလ်မှူးချုပ်အဆင့်နှင့် တပ်မ(၈၈)လက်အောက်ခံ (၈၈၁)နည်းဗျူဟာမှ ဗျူဟာမှူးအဆင့်များ ပါဝင်သည်ဟု KIAနှင့် နီးစပ်သူများက ဆိုသည်။ ပိတ်ဆို့တိုက်ခိုက်ခံရမှုတွင် အဆိုပါ စစ်ဗိုလ်ချုပ်များ သေဆုံးခြင်း ရှိ၊ မရှိကိုမူ Tachileik News Agency အနေဖြင့် အတည်မပြုနိုင်သေးပါ။

ဘွမ်ရယ်ဘွမ်ဗျူဟာစခန်းကို KIAက မတ်လ (၇)ရက်နေ့ကစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကလည်း စခန်းမကျရေး လေကြောင်းပစ်ကူပေးခဲ့သော်လည်း စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား ထွက်ပြေးသွားခြင်းဖြစ်သည်။ 

ဘွမ်ရယ်ဘွမ်ဗျူဟာစခန်းအပါအဝင် အခြားစစ်ကောင်စီတပ်စခန်းများသည် လိုင်ဇာမြို့အနီးတွင် ၂၀၁၁ ခုနှစ် ဦးသိန်းစိန်လက်ထက် ကချင်တစ်ကျော့ပြန်စစ်ပွဲတွင် အခိုင်အမာ တည်ဆောက်ထားသည့် စခန်းကုန်းများဖြစ်သည်။

၂၀၂၄ခုနှစ် မတ်လ(၇)ရက်နေ့က စတင်ကာ KIA တပ်ဖွဲ့များသည် လိုင်ဇာဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တပ်စခန်းပေါင်း (၃၀)နီးပါးကို သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency