ကျိုင်းတုံမြို့၏ တကျော့ပြန် Covid-19 ကူးစက်မှုအဖြစ် နောက်ထပ်(၃)ဦး ထပ်တွေ့

ကျိုင်းတုံမြို့၏ တကျော့ပြန် Covid-19 ကူးစက်မှုအဖြစ် နောက်ထပ်(၃)ဦး ထပ်တွေ့
အောက်တိုဘာ 14, 2022 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယနေ့ အောက်တိုဘာလ(၁၄)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ကူးစက်ခံရသူ (၃)ဦး ထပ်တိုး၍ (၂)လဝန်းကျင်အတွင်း Covid-19 ကူးစက်ခံရသူ (၁၂၁)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယနေ့တွင်  ထိတွေ့သံသယ စုစုပေါင်း (၈၉)ဦးကို စစ်ဆေးရာမှ  ကျိုင်းတုံမြို့ ဈေးတန်းကြီးမှ (၁)ဦး အပါအဝင် စုစုပေါင်း (၃)ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်းနှင့် အောက်တိုဘာလ(၁၃)ရက်နေ့ကလည်း Covid-19 ကူးစက်ခံထားရသူ (၃)ဦး တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

ကျိုင်းတုံမြို့တွင် ၂၀၂၂ခုနှစ် ဩဂုတ်လ၏ တတိယပတ်ကစတင်ပြီး အောက်တိုဘာလ(၁၄)ရက်နေ့အထိ (၂)လဝန်းကျင်တွင် Covid-19 ကူးစက်ခံရသူ (၁၂၁)ဦး ရှိသည်အနက် အမျိုးသားတစ်ဦးမှာ ဩဂုတ်လ(၂၁)ရက်နေ့က ကွယ်လွန်သွားခဲ့သည်။

 ရှမ်းပြည်နယ်အရှေ့ပိုင်း တစ်ခုလုံးအနေဖြင့် Covid-19 တတိယလှိုင်းပြီးနောက် တကျော့ပြန် Covid-19 ကူးစက်မှုအဖြစ် ကျိုင်းတုံမြို့၌ ပထမဆုံး ပြန်တွေ့လာခြင်း ဖြစ်သော်လည်း Mask များတပ်ခြင်းမရှိသလောက်နည်းပါးလာသလို ပုံမှန်အတိုင်း လူစုလူဝေး နှင့် ပွဲလမ်းသဘင်များ၊ အားကစားပြိုင်ပွဲများ ကျင်းပကာ လူစုလူဝေးများ အမြဲပြုလုပ်နေသည်ကိုလည်း တွေ့ရသည်။