မိုင်းဆတ်မြို့တွင် ခရီးသွားရာဇဝင် မရှိသည့် (၅)ဦးတွင် Covid-19 ပိုးတွေ့၊ သံသယရှိသူများ ဆေးရုံတွင် သွားရောက်စစ်ဆေးနိုင်

မိုင်းဆတ်မြို့တွင် ခရီးသွားရာဇဝင် မရှိသည့် (၅)ဦးတွင် Covid-19 ပိုးတွေ့၊ သံသယရှိသူများ ဆေးရုံတွင် သွားရောက်စစ်ဆေးနိုင်
ဇူလိုင် 25, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် ခရီးသွားရာဇဝင်မရှိသည့် အမျိုးသမီးတစ်ဦးထံမှ Covid-19 ပိုးတွေ့ရှိပြီးနောက် အတူနေ မိသားစုဝင် (၄)ဦးထံတွင်လည်း Covid-19 ထပ်မံတွေ့ရှိရ၍ မိုင်းဆတ်မြို့နေပြည်သူများအနေဖြင့် မိမိကိုယ်ကိုယ် ကိုဗစ် သံသယရှိပါက ဆေးရုံတွင် သွားရောက် စစ်ဆေးသင့်ကြောင်း ဒေသခံများက ဆိုသည်။ 

၂၀၂၁ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့က မိုင်းဆတ်မြို့ပေါ် မြို့သစ်ရပ်ကွက်နေ အသက်(၂၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နေမကောင်း၍ မိုင်းဆတ်ဆေးရုံတွင် RDT Test Kit ဖြင့် Covid-19 စစ်ဆေးကြည့်ရာ ပိုးတွေ့ရှိသည့်အတွက် ကုသဆောင်သို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ပိုးတွေ့တဲ့ ကောင်မလေးက ဝါဆိုလပြည့်နေ့က အုပ်စုလိုက် ဓမ္မစကြာရွတ်ခဲ့ကြပြီး မြို့တွင်း အသွားအလာရှိခဲ့တယ်လို့ ကြားတယ်။ အဲ့တော့ ကိုယ့်ကိုကိုယ် ကိုဗစ် သံသယရှိရင် ဆေးရုံမှာ သွားစစ်ကြရင် ကောင်းမယ်၊ ဒါမှလည်း ထိတွေ့မှု နည်းမှာ

ဟု မိုင်းဆတ်ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျစီသို့ ဇူလိုင်လ(၂၅)ရက်နေ့ နံနက်ပိုင်းက ပြောသည်။

ဆက်လက်၍  မြို့သစ်ရပ်ကွက်ရှိနေအိမ်မှ ၎င်းနှင့်အတူ မိသားစုဝင်များကို ယနေ့ ဇူလိုင်လ(၂၅)ရက်နေ့ နံနက်ပိုင်းက စစ်ဆေးရာ အသက်(၃၁)နှစ်နှင့် (၆၇)နှစ်ရှိ အမျိုးသား(၂)ဦး၊ အသက်(၆၆)နှစ် နှင့် (၂၉)နှစ်ရှိ အမျိုးသမီး (၂)ဦး စုစုပေါင်း (၄)ဦးတို့တွင် Covid-19 ကူးစက်ခံထားရသည်ကို ထပ်မံတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

ပိုးမတွေ့သည့် ကျန် မိသားစုဝင် (၃)ဦးကို သတ်မှတ်ရက်တွင် Covid-19 ထပ်မံစစ်ဆေးပေးနိုင်ရန်အတွက် နေအိမ်အတွင်း ဆက်လက်၍ အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။ 

မိုင်းဆတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ယနေ့ ဇူလိုင်လ(၂၅)ရက်နေ့ နံနက်ပိုင်းအချိန်အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၁၅)ဦးအထိရှိနေကြောင်း သိရသည်။