ကျိုင်းတုံမြို့နယ်အတွင်း တကျော့ပြန် Covid-19 ကူးစက်မှု၏ (၂)လ ဝန်းကျင်တွင်  Covid-19 ကူးစက်ခံထားရသူ (၁၁၈)ဦး အထိ ရှိ 

ကျိုင်းတုံမြို့နယ်အတွင်း တကျော့ပြန် Covid-19 ကူးစက်မှု၏ (၂)လ ဝန်းကျင်တွင်  Covid-19 ကူးစက်ခံထားရသူ (၁၁၈)ဦး အထိ ရှိ 
အောက်တိုဘာ 14, 2022 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အောက်တိုဘာလ(၁၃)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ကူးစက်ခံရသူ (၃)ဦး ထပ်တိုး၍ (၂)လဝန်းကျင်အတွင်း Covid-19 ကူးစက်ခံရသူ (၁၁၈)ဦးအထိ တွေ့ရှိထားကြောင်း သိရသည်။

အောက်တိုဘာလ(၁၃)ရက်နေ့က ထိတွေ့သံသယ စုစုပေါင်း (၉၂)ဦးကို စစ်ဆေးရာမှ ကျိုင်းတုံမြို့ပေါ် ရပ်ကွက်(၁) နှင့် ရပ်ကွက်(၂)တို့မှ (၂)ဦး နှင့် လွိုင်မွေအုပ်စု ဟိုကျင်းကျေးရွာမှ (၁)ဦး စုစုပေါင်း (၃)ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ(၁၂)ရက်နေ့ကလည်း (၁၄၅)ဦးကို စစ်ဆေးရာက (၅)ဦးတွင် Covid-19 ပိုး တွေ့ရှိခဲ့သေးသည်။

ကျိုင်းတုံမြို့တွင် ၂၀၂၂ခုနှစ် ဩဂုတ်လ၏ တတိယပတ်ကစတင်ပြီး အောက်တိုဘာလ(၁၃)ရက်နေ့အထိ (၂)လဝန်းကျင်တွင် Covid-19 ကူးစက်ခံရသူ (၁၁၈)ဦး ရှိသည်အနက် အမျိုးသားတစ်ဦးမှာ ဩဂုတ်လ(၂၁)ရက်နေ့က ကွယ်လွန်သွားခဲ့သည်။

လက်ရှိတွင် သီးသန့်နေရာများ၌ ထားရှိသည့် Covid-19 ကူးစက်ခံထားရသူ (၄၂)ဦး ကျန်ရှိပြီး (၇၅)ဦးမှာ နေအိမ်သို့ ပြန်ခွင့်ရသွားကြပြီဟု သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တစ်ခုလုံးအနေဖြင့် Covid-19 တတိယလှိုင်းပြီးနောက် တကျော့ပြန် Covid-19 ကူးစက်မှုအဖြစ် ကျိုင်းတုံမြို့၌ ပထမဆုံး ပြန်တွေ့လာရပြီး ဒုတိယအနေဖြင့် တာချီလိတ်တွင် တွေ့ရှိရသည်။

 #TachileikNewsAgency