ထိုင်းနိုင်ငံက မတ်လ (၂၅)ရက်နေ့မှစ၍ ညမထွက်ရအမိန့်ထုတ်လိုက်ပြီး နယ်စပ်ဂိတ်အားလုံးမှ ဖြတ်သန်းခြင်း လုံးဝခွင့်မပြုတော့၍ မြန်မာလုပ်သားများ နေရပ်မပြန်ရန် အလုပ်သမားသံအရာရှိရုံး တိုက်တွန်း

ထိုင်းနိုင်ငံက မတ်လ (၂၅)ရက်နေ့မှစ၍ ညမထွက်ရအမိန့်ထုတ်လိုက်ပြီး နယ်စပ်ဂိတ်အားလုံးမှ ဖြတ်သန်းခြင်း လုံးဝခွင့်မပြုတော့၍ မြန်မာလုပ်သားများ နေရပ်မပြန်ရန် အလုပ်သမားသံအရာရှိရုံး တိုက်တွန်း
မတ် 26, 2020
By Tachileik News Agency
ထိုင်းနိုင်ငံက မတ်လ (၂၅)ရက်နေ့မှစ၍ ညမထွက်ရအမိန့်ထုတ်လိုက်ပြီး နယ်စပ်ဂိတ်အားလုံးမှ ဖြတ်သန်းခြင်း လုံးဝခွင့်မပြုတော့၍ မြန်မာလုပ်သားများ နေရပ်မပြန်ရန် အလုပ်သမားသံအရာရှိရုံး တိုက်တွန်း

ထိုင်းနိုင်ငံက နေရပ်ပြန်မြန်မာလုပ်သားများကို ပိတ်ထားသည့်နယ်စပ်ဂိတ်များမှ နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်း၍ ဖြတ်သန်းခွင့်ပြုခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့နောက်ပိုင်း လုပ်ဆောင်ပေးတော့မည်မဟုတ်သည့်အပြင် ညမထွက်ရအမိန့်ပါ ထုတ်လိုက်သဖြင့် ထိုင်းနိုင်ငံရောက် မြန်မာများ နေရပ်မပြန်ကြရန် မြန်မာအလုပ်သမားသံအရာရှိက သတိပေးတိုက်တွန်းလိုက်သည်။

" ဒီဘက်ကိုဆင်းလာပြီးတော့မှ သူတို့ပိတ်လိုက်ပြီဆိုရင် သူတို့အတွက် အခက်အခဲအများကြီးဖြစ်သွားမယ်။ အရင်ကမှ နေ့ရောညရော ဆင်းလို့ရတယ်။ အခုဆို ညဘက်ဆို အပြင်ထွက်ခွင့်ပိတ်တယ်။ အကယ်၍ ဒီဆင်းလာပြီး လုံးလုံးမှ ဝင်မရဘူးဆိုရင် မူရင်းနေရာကိုပြန်သွားဖို့လည်း အခက်အခဲတွေ အများကြီး ဖြစ်လာနိုင်တာပေါ့နော်။ အဲဒါကြောင့် ကျွန်တော်တို့ကတော့ တိုက်တွန်းတာက ကိုယ့်ရောက်တဲ့နေရာမှာပဲနေပြီး ပုံမှန်အလုပ်ကိုပဲ ဆက်လုပ်နေ။ အဲဒီလိုမျိုးလေးပဲ အကြံပေးချင်ပါတယ်။ အခုလောလောဆယ်က ဟိုဘက်ဒီဘက် သွားတာလာတာပိုများလေ ရောဂါပျံ့နှံ့မှုကလည်း ပိုများလေဖြစ်သွားမှာလည်း စိုးရိမ်တယ်။ ထိုင်းဘက်က ဖွင့်ထားရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံဘက်ကတော့ အမြဲတမ်းလာစေချင်ပါတယ်"ဟု ချင်းမိုင်မှ မြန်မာအလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၅)ရက်နေ့က ပြောသည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ စတင်တွေ့ရှိချိန်မှစ၍ ဒေသတွင်း ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းရောက်မြန်မာလုပ်သားများအနေဖြင့် သင်္ကြန်ကာလနေရပ်ပြန်ခြင်းများ မပြုလုပ်ကြရန် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံလုံးက တိုက်တွန်းထားပြီး ထိုင်းနိုင်ငံက ဒေသတွင်း နယ်စပ်ဂိတ်များကို ပိတ်လိုက်သော်လည်း နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများ နယ်စပ်သို့ရောက်လာ၍ နှစ်နိုင်ငံညှိနှိုင်းကာ ဖြတ်သန်းခွင့်ပေးနေရခြင်းဖြစ်သည်။

"တစ်ချို့တွေကျတော့လည်း ရောဂါကိုကြောက်လို့ ရှောင်တဲ့အနေနဲ့ ပြန်ဝင်တာလည်းရှိတယ်။ တစ်ချို့ကျတော့လည်း သင်္ကြန်ပြန်ကြတာရှိတယ်။ အဲဒီတော့ အတတ်နိုင်ဆုံး သူတို့ကို ဒီဘက်ကို မလာဖို့တော့ ပြောတယ်။ ဒီဘက်က ပိတ်လိုက်ပါပြီဆိုတော့ ထိုင်းဘက်က (၂၅)ရက်နေ့ သတ်မှတ်ထားတာကိုး။ အဲဒီလိုအခြေအနေတွေကို လှမ်းဖုန်းဆက်ပြီးမေးကြတယ်။ ကျွန်တော်တို့ကတော့ မဆင်းလာဖို့၊ ရောက်တဲ့နေရာမှာပဲ အဆင်ပြေအောင်နေဖို့ အကြံပြုထားတာတွေတော့ရှိပါတယ်"ဟု ချင်းမိုင်မှ မြန်မာအလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများက နေရပ်ပြန်ရေးအတွက် ထိုင်းဘက်မှ ပိတ်ထားပြီး နယ်စပ်ဂိတ်များဖြစ်သည့် ကရင်ပြည်နယ် မြဝတီနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ရှိ နယ်စပ်ဂိတ်များသို့ စုပြုံရောက်ရှိလာကြရာ တာချီလိတ်နယ်စပ်ဂိတ်တွင် မတ်လ (၂၃)ရက်နေ့၌ နေရပ်ပြန်မြန်မာလုပ်သား (၂၂၂)ဦး၊ မတ်လ (၂၄) ရက်နေ့က (၁၄၈)ဦးတို့ကို စိစစ်လက်ခံခဲ့သည့်အပြင် မတ်လ (၂၅)ရက်နေ့၌လည်း ဆက်လက်ဝင်ရောက်နေဆဲဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာမှာ မတ်လ (၂၅)ရက်နေ့အထိ (၉၃၄)ဦး ရှိနေပြီဖြစ်၍ မတ်လ (၂၅) ရက်နေ့မှစ၍ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~