အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး အပါအဝင် လုပ်ငန်းကဏ္ဍ (၅)ခုကို စစ်အာဏာရှင်နှင့်ဆက်စပ်၍ အန္တရာယ်အရှိဆုံး လုပ်ငန်းများအဖြစ် အမေရိကန်၏ စီးပွားရေးအကြံပြုချက်တွင် ဖော်ပြ

အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး အပါအဝင် လုပ်ငန်းကဏ္ဍ (၅)ခုကို စစ်အာဏာရှင်နှင့်ဆက်စပ်၍ အန္တရာယ်အရှိဆုံး လုပ်ငန်းများအဖြစ် အမေရိကန်၏ စီးပွားရေးအကြံပြုချက်တွင် ဖော်ပြ
ဇန်နဝါရီ 26, 2022 | နိုင်ငံတကာသတင်း

စစ်အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရာ၌ ကြုံတွေ့နိုင်သည့် အန္တရာယ်များတိုးပွားလာမှုအပေါ် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက အများပြည်သူသို့ စီးပွားရေးအကြံပြုချက်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့၌ ထုတ်ပြန်လာသည်။ 

အာဏာသိမ်းမှုကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အနေအထားကို ကြီးကြီးမားမား ပျက်စီးသွားသည့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်သည့်အခါ ကြုံတွေ့နိုင်သည့် အန္တရာယ်များ တိုးပွားလာမှုနှင့်စပ်လျဉ်းပြီး အများပြည်သူသိရှိနိုင်စေရန် အဆိုပါထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ အမိမြေလုံခြုံရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးအထူးခံစားခွင့်ဆိုင်ရာအစီအစဉ်၏အုပ်ချုပ်ရေးမှူး၏ရုံးတော်နှင့်အတူ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပူးပေါင်းထုတ်ပြန်သည်ဟု သိရသည်။

အဂတိလိုက်စားမှုနှင့် အခြားသော တားမြစ်ထားသည့် ဘဏ္ဍာရေးကိစ္စရပ်များနှင့် စပ်လျဉ်းပြီး  နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ ကျောက်မျက်နှင့် တန်ဖိုးကြီးဓါတ်သတ္တုများ၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စစ်လက်နက်ပစ္စည်းကိရိယာများနှင့် ဆက်စပ်သောကိစ္စများကို အကြီးမားဆုံး အန္တရာယ်ရှိနိုင်သည့် လုပ်ငန်းများနှင့် ကဏ္ဍများအဖြစ် သတိပေးဖေါ်ပြထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်မည့်သူများအနေဖြင့် စစ်အာဏာရှင်နှင့် ဆက်သွယ်လုပ်ကိုင်ကြရာတွင် လိုအပ်သောအသေးစိတ်စိစစ်အကဲဖြတ်လေ့လာမှုများ ပြုလုပ်ထားမှုမရှိပါက အမေရိကန်ပြည်ထောင်စု၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် စီးပွားရေးဒဏ်ခတ်မှုများအပါအဝင် ကျော်ဇောမှု၊ ငွေကြေးနှင့် တရားဥပဒေကြောင်းဆိုင်ရာ အန္တရာယ်များကို ကြီးကြီးမားမားတွေ့ကြုံနိုင်ချေရှိသည်ဟု သတိပေးထားသည်။

"တိုင်းသိပြည်သိ အဂတိလိုက်စားမှုတွေကြီးကြီးမားမားရှိပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးပိုင်း သိပ်ကိုအားနည်းလွန်းတဲ့ စစ်အာဏာရှင်လက်ထက် မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ငွေကြေးအဖွဲ့အစည်းတွေ လုပ်ငန်းလည်ပတ်ဖို့ဆိုတာ သိပ်ကို အန္တရာယ်များလွန်းလှပါတယ်" ဟု ဒုတိယလက်ထောက်ဘဏ္ဍာရေးဝန်ကြီး (အကြမ်းဖက်ဝါဒနှင့် ငွေရေးကြေးရေးဆိုင်ရာထောက်လှမ်းရေး) ဘရိုင်ရန် အီး နယ်လဆင်က မှတ်ချက်ပြုထားသည်။

နိုင်ငံတကာ စီးပွားရေးအသိုက်အဝန်းအနေဖြင့် အဂတိလိုက်စားမှု၊ တားမြစ်ထားသည့် ဘဏ္ဍာရေးကိစ္စရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အားပေးအားမြှောက် မပြုလုပ်မိစေရန် တာဝန်သိမှု၊ တာဝန်ယူမှုရှိရမည်ဟု စီးပွားရေးအကြံပြုချက်တွင် ဖေါ်ပြထားသည်။

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေးအကြံပြုချက်

PDF Download : https://home.treasury.gov/system/files/126/20220126_burma_advisory.pdf