တရုတ်ကုမ္ပဏီပိုင် TikTok ကို အချက်အလက်လုံခြုံရေးအရ အသုံးမပြုရန် ဥရောပ ကော်မရှင်က ဝန်ထမ်းများကို ညွှန်ကြားထား

Photo: DPA
Photo: DPA
တရုတ်ကုမ္ပဏီပိုင် TikTok ကို အချက်အလက်လုံခြုံရေးအရ အသုံးမပြုရန် ဥရောပ ကော်မရှင်က ဝန်ထမ်းများကို ညွှန်ကြားထား
ဖေဖော်ဝါရီ 24, 2023 | နိုင်ငံတကာသတင်း
By Mr John

အချက်အလက် လုံခြုံရေး နှင့် ပတ်သက်၍ စိုးရိမ်မှုကြောင့် ဥရောပကော်မရှင် (European Commission) က ၎င်း၏ ဝန်ထမ်းများ အသုံးပြုနေသည့် ဖုန်းအပါအဝင်  ဒီဂျစ်တယ်ပစ္စည်းများတွင်  TikTok အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်လိုက်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက AFP သတင်းဌာနကို ဖေဖေါ်ဝါရီလ (၂၃) ရက်တွင် ပြောသည်။ 

ယခု တားမြစ်ပိတ်ပင်မှုအရ ဥရောပကော်မရှင် ဝန်ထမ်းများအနေဖြင့် တရုတ်ကုမ္ပဏီပိုင် ဗီဒီယိုမျှဝေသည့် TikTok အက်ပလီကေးရှင်းကို ဥရောပကော်မရှင်၏ တရားဝင် အက်ပလီကေးရှင်းများ ထည့်သွင်းထားသော ၎င်းတို့၏ ဖုန်းများတွင် အသုံးပြုနိုင်မည်မဟုတ်ကြောင်း Euractiv သတင်းဝက်ဘ်ဆိုက်၏ သတင်းကို ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုခဲ့သည်။

ဥရောပကော်မရှင် ဝန်ထမ်းများမှာ TikTok ကို ၎င်းတို့၏ ဖုန်းများမှ တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားရမည်ဖြစ်ပြီး မတ်လ (၁၅) ရက် နောက်ဆုံးထားပြီး ဖယ်ရှားရမည် ဖြစ်သည်။ 

TikTok ကုမ္ပဏီကမူ ဥရောပကော်မရှင်က ၎င်း၏ဝန်ထမ်းများကို TikTok အသုံးပြုခွင့် တားမြစ်ပိတ်ပင်ရန် ဆုံးဖြတ်ချက်မှာ အက်ပလီကေးရှင်းနှင့် ပတ်သက်၍ မှားယွင်းသည့် အယူအဆအပေါ် အခြေခံ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

TikTok ကို ဖန်တီးထားသည့် ByteDance ကုမ္ပဏီမှာ တရုတ်ကုမ္ပဏီဖြစ်ပြီး ထိုအက်ပလီးကေးရှင်း အသုံးပြုသူတို့၏ အချက်အလက်များကို တရုတ်က မည်မျှအထိ ရယူထားမှုနှင့် ပတ်သက်၍ မကြာသေးမီ လများအတွင်း အနောက်အုပ်စုနိုင်ငံများက စေ့စေ့စပ်စပ် စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ 

၂၀၂၂ ခုနှစ်တွင် အမေရိကန်နိုင်ငံက ပြည်ထောင်စုအစိုးရ အသုံးပြုသည့်ကိရိယာများတွင် TikTok အက်ပလီးကေးရှင်းကို တားမြစ်ပိတ်ပင်ခဲ့သည်။ 

အမေရိကန်လွှတ်တော်အမတ်အချို့က TikTok ကို အမေရိကန်နိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်မှု တားမြစ်ပိတ်ပင်ရန် ကြိုးပမ်းနေကြကြောင်း သိရသည်။

Source: CNA