ကိုလံဘီယာတွင် မညီမျှမှုကို တိုက်ဖျက်မည်ဟု ရွေးကောက်ပွဲ ကတိ ကဝတ်ပြုထားသည့် သူပုန်ဟောင်းက သမ္မတ ဖြစ်လာမည်

ကိုလံဘီယာတွင် မညီမျှမှုကို တိုက်ဖျက်မည်ဟု ရွေးကောက်ပွဲ ကတိ ကဝတ်ပြုထားသည့် သူပုန်ဟောင်းက သမ္မတ ဖြစ်လာမည်
By Mr John

ကိုလံဘီယာတွင် ဘိုဂိုတာမြို့တော်ဝန်ဟောင်းနှင့် သူပုန်ဟောင်းတစ်ဦးဖြစ်သူ ဂူစတာဗို ပက်ထရိုက နိုင်ငံ၏ ပထမဆုံး လက်ဝဲဝါဒီ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရကြောင်း သိရသည်။ 

ဇွန်လ (၁၉) ရက်နေ့က ပြုလုပ်သည့် ရွေးကောက်ပွဲတွင် လက်ရှိ လွှတ်တော်အမတ်ဖြစ်သူ ပက်ထရိုက လက်ယာဝါဒီ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး ရိုဒိုလ်ဖို ဟာနန်ဒက်ဇ်ကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ မဲရလဒ်များအရ ပက်ထရိုက ထောက်ခံမဲ (၅၀.၅) ရာခိုင်နှုန်း ရရှိခဲ့ပြီး ၎င်း၏ပြိုင်ဘက် မီလျံနာသူဌေး ဟာနန်ဒက်ဇ်ကို မဲအရေအတွက် ၇၀၀,၀၀၀ ခန့်အသာဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။ 

ယခုရွေးကောက်ပွဲရလဒ်က ဆယ်စုနှစ်များစွာ အလယ်အလတ်နှင့် ကွန်ဆာဗေးတစ်များက ဦးဆောင်လာခဲ့သည့် ကိုလံဘီယာအတွက် အဓိက အပြောင်းအလဲတစ်ခု ဖြစ်လာသည်။

ကိုလံဘီယာတွင် နိုင်ငံကို လက်ရှိ စံမံအုပ်ချုပ်မှုပုံစံအပေါ် မကျေမနပ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး ယမန်နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း ဒါဇင်နှင့်ချီ လူသေဆုံးမှုများရှိခဲ့သည့် အခြေအနေကြား၌ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

အသက် (၆၂) နှစ်အရွယ် ပက်ထရိုက ၎င်း၏ရွေးကောက်ပွဲ အနိုင်ရရှိမှုကို ဘုရားသခင်နှင့် ပြည်သူများအတွက် အောင်ပွဲတစ်ခုအဖြစ် ညွှန်းဆိုပြောခဲ့သည်။

 

ပက်ထရိုနှင့်အတူ ရွေးကောက်ပွဲဝင်ခဲ့သည့် single mother တစ်ဦးဖြစ်ပြီး အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖရန်စီယာ မားကွက်ဇ်မှာ ကိုလံဘီယာနိုင်ငံ၏ ပထမဆုံး လူမည်းအမျိုးသမီး ဒုတိယသမ္မတဖြစ်လာမည်ဟုလည်း သိရသည်။ 

ကိုလံဘီယာသမ္မတဖြစ်လာမည့် ပက်ထရိုမှာ ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်သည့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်းက M-19 လှုပ်ရှား၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည်။

လက်နက်ကိုင် တော်လှန်ပုန်ကန်သည့် M-19 အဖွဲ့မှာ ကိုလံဘီယာအစိုးရနှင့် စစ်ပွဲဆင်နွှဲခဲ့သည့် ပြောက်ကျားအဖွဲ့အစည်း အများအပြားအနက်မှ တစ်ဖွဲ့ဖြစ်သည်။ 

ပက်ထရိုမှာ နိုင်ငံရေး အတိုက်အခံအဖြစ် ဆီးနိတ်နှင့်ကွန်ဂရက် လွှတ်တော်နှစ်ရပ်လုံးတွင် အမတ်မဖြစ်မီနှင့် ဘိုဂိုတာမြို့တော်ဝန်မဖြစ်မီက တရားမဝင် လက်နက်ကိုင်ဆောင်မှုအတွက် ထောင်ဒဏ် (၁) နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။

ပက်ထရိုက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း အခမဲ့ တက္ကသိုလ်ပညာရေးစနစ် ဖော်ဆောင်ခြင်း၊ ပင်စင်လစာ ပြုပြင်ပြောင်းလဲခြင်းနှင့် မဖြစ်ထွန်းသော မြေများအတွက် အခွန်တိုးမြှင့်ခြင်းတို့ဖြင့် မညီမျှမှုကို တိုက်ဖျက်ရန် ကတိပြုထားခဲ့သည်။

 ထို့အတူ FARC ကွန်မြူနစ်ပြောက်ကျားအုပ်စုနှင့် နှစ်ပေါင်း (၅၀) ကြာ ပဋိပက္ခကို အဆုံးသတ်ခဲ့သည့် ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်နှင့် လှုပ်ရှားမှုရှိနေဆဲ ELN သူပုန်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ စီစဥ်ဆောင်ရွက်ရန်လည်း ပက်ထရိုက ကတိပြုခဲ့သည်။

ယခုနှစ်ရွေးကောက်ပွဲမှာ ပက်ထရိုအတွက် တတိယအကြိမ် ဝင်ရောက်ယှဥ်ပြိုင်သည့် သမ္မတရွေးကောက်ပွဲဖြစ်ပြီး ၂၀၁၀ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင်လည်း ရွေးကောက်ပွဲဝင်ခဲ့ဖူးသည်။ 

ပက်ထရိုမှာ သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့ပြီဖြစ်သော်လည်း ပါတီ တစ်ဒါဇင်ကျော်မှ ကိုယ်စားလှယ်များပါဝင်သည့် ကွန်ဂရက်လွှတ်တော်က စိန်ခေါ်မှုများကို ရင်ဆိုင်ရလိမ့်မည်ဟု သုံးသပ်ထားကြသည်။

ကိုလံဘီယာသမ္မတရွေးကောက်ပွဲတွင် ပက်ထရို၏ ပြိုင်ဘက်ဖြစ်သူ မီလျံနာ ဟာနန်ဒက်ဇ်က ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဆိုရှယ်မီဒီယာတွင် ဗီဒီယိုတစ်ခုတင်ပြီး ဝန်ခံပြောကြားခဲ့သည်။ 

ဟာနန်ဒက်ဇ်က ရွေးကောက်ပွဲစည်းရုံးရာတွင်လည်း သမားရိုကျ မဟုတ်ဘဲ TikTok နှင့် အခြား ဆိုရှယ်မီဒီယာများကို အကြီးအကျယ် မှီခိုအားထားခဲ့သည်။ 

"ဒီရွေးကောက်ပွဲရလဒ်ကို ကျွန်တော် လက်ခံပါတယ်။ မစ္စတာ ဂူစတာဗို ပက်ထရိုက နိုင်ငံကို ဘယ်လို လည်ပတ်ရမယ်ဆိုတာ သိတယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးမှာ သူရဲ့ ပြောဆိုမှုအတိုင်း လုပ်ဆောင်မယ်လို့လည်း  မျှော်လင့်ပါတယ်" ဟု ၎င်း၏ ဗီဒီယိုတွင် ပြောထားသည်။

#TachileikNewsAgency

Source: BBC, Reuters

Photo: REUTERS, EPA, JUAN BARRETO / AFP VIA GETTY IMAGES