ဖိလစ်ပိုင်နိုင်ငံ၏ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တွင် ထွက်ပြေးရန် ကြိုးစားမှု နှင့် ဓါးစားခံပြုလုပ်မှု ဖြစ်ပွား၍ အကျဉ်းသား (၃)ဦးကို အသေပစ်သတ်

ဖိလစ်ပိုင်နိုင်ငံ၏ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တွင် ထွက်ပြေးရန် ကြိုးစားမှု နှင့် ဓါးစားခံပြုလုပ်မှု ဖြစ်ပွား၍ အကျဉ်းသား (၃)ဦးကို အသေပစ်သတ်
အောက်တိုဘာ 10, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တွင် ထွက်ပြေးရန် ကြိုးစားရာမှ မအောင်မြင်၍  ထောင်တွင်းဓါးစာခံပြုလုပ်မှုပါ ဖြစ်ပွားသည့်အတွက်  ရဲတပ်ဖွဲ့က အဘူဆေယက်ဖ်စစ်သွေးကြွအုပ်စု၏ ထိပ်တန်းခေါင်းဆောင်တစ်ဦး အပါအဝင် အကျဥ်းသား (၃) ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။ 

 

အောက်တိုဘာလ (၉) ရက်နေ့က ဖြစ်ပွားခဲ့သည့် ထိုဖြစ်ရပ်အတွင်း အကျဥ်းသားတစ်ဦးက ထိန်းသိမ်းခံထားရသည့် အတိုက်အခံ လွှတ်တော်အမတ်ဟောင်းဖြစ်သည့် အမျိုးသမီးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် လွှတ်တော်အမတ်ဟောင်း Leila de Lim‌a

ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ်ကြီး Rodolfo Azurin Jr ၏ ပြောကြားမှုအရ မနီလာမြို့တော်နယ်မြေရှိ လုံခြုံရေးအမြင့်ဆုံး အကျဥ်းထောင်တွင် ဓားစာခံအဖြစ် ခေတ္တ ဖမ်းဆီးခံခဲ့ရသည့် လွှတ်တော်အမတ်ဟောင်း Leila de Lim‌a မှာ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိကြောင်းနှင့် ထိုဖြစ်ရပ်အပြီးတွင် သူမကို ကျန်းမာရေးစစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပစ်သတ်ခံရသည့် အကျဥ်းသား (၃) ဦးအနက် တစ်ဦးက နံနက်စာ လာပေးသည့် ရဲအရာရှိတစ်ဦးကို ချွန်ထက်သောအရာဖြင့် ထိုးခဲ့သည်ဟု ဆိုသည်။ 

ရဲအရာရှိတစ်ဦးက ကင်းမျှော်စင်တွင် သတိပေး ပစ်ခတ်ခဲ့ပြီးနောက် အကျဥ်းသား (၃) ဦးအနက်မှ အဘူဆေယက်ဖ်စစ်သွေးကြွအုပ်စု၏ တပ်မှူးဖြစ်သူ Idang Susukan အပါအဝင် အကျဥ်းသား (၂) ဦးကို ပစ်သတ်ခဲ့သည်။ 

၎င်းတို့က အညံ့ခံရန် ငြင်းဆန်ခဲ့ချိန်တွင် ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့နောက် တတိယမြောက် အကျဥ်းသားက လွှတ်တော်အမတ်ဟောင်း Leila de Lima ကို ထိန်းသိမ်းထားသည့် အကျဥ်းခန်းသို့ ပြေးသွားခဲ့ပြီး သူမကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သော်လည်း ထိုအကျဥ်းသားကိုလည်း ရဲတပ်ဖွဲ့ကွန်မန်ဒိုများက အသေပစ်သတ်ခဲ့ကြောင်း ရဲချုပ် Azurin က ဆိုသည်။ 

"သူမ ဘေးကင်းပါတယ်။ အချုပ်ခန်းထဲက ဒီဖြစ်ရပ်ကို ကျွန်တော်တို့ အလျင်အမြန် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်" ဟု ဖိလစ်ပိုင်ရဲချုပ်က သတင်းထောက်များကို ပြောသည်။

ရဲချုပ်က ပြည်တွင်းရေဒီယိုသတင်းဌာန DZBB ကို ပြောကြားမှုအရ လွှတ်တော်အမတ်ဟောင်း Leila de Lima မှာ အကျဥ်းသား (၃) ဦး၏ ပစ်မှတ်ဖြစ်ပုံ မရကြောင်း သိရသည်။ 

"သူတို့က သူမကို အကာအကွယ်တစ်ခုအဖြစ် ရှုမြင်ခဲ့ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ထွက်ပြေးလွတ်မြောက်ဖို့ပါပဲ" ဟု ၎င်းက ပြောသည်။ 

လွှတ်တော်အမတ်ဟောင်း Leila de Lima မှာ ၂၀၁၇ ခုနှစ်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သူမကို မူးယစ်ဆေးဝါးအမှုများဖြင့် ရုံးတင်စစ်ဆေးနေသည်။

သူမ၏ အမှုမှာ သမ္မတဟောင်း ရိုဒီဂိုဒူတာတေးနှင့် အစိုးရအရာရှိများက လုပ်ကြံဖန်တီးထားမှုဖြစ်ကြောင်း လွှတ်တော်အမတ်ဟောင်းက ပြောသည်။ 

လူအများအပြား သေဆုံးခဲ့သော သမ္မတဟောင်း ဒူတာတေး၏ မူးယစ်ဆေးဝါးနှိမ်းနင်းမှုနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုနိုင်ခြင်း မရှိစေရန် သူမကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု Leila de Lima က ပြောဆိုခဲ့သည်။

ဖိလစ်ပိုင်တွင် ဒူတာတေးက မူးယစ်ဆေးဝါးနှိမ်နင်းရေးကို စစ်ဆင်ရေးတစ်ရပ်အဖြစ် လုပ်ဆောင်စေခဲ့ရာ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ထိုစစ်ဆင်ရေးအတွင်း တရားဥပဒေကို ကျော်လွန်သတ်ဖြတ်မှုများ အပါအဝင် သံသယဖြစ်ဖွယ် သေဆုံးမှုများရှိခဲ့ရာ ဖြစ်နိုင်ခြေရှိသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတစ်ခုအဖြစ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး International Criminal Court  (ICC) က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။



Source: CNA

Photo: AP/Gerard Carreon, AFP,