ပိုလန်နှင့် ဘူလ်ဂေးရီးယားသို့ ဂက်စ်ပေးပို့မှုများ ရုရှား ရပ်ဆိုင်း 

ပိုလန်နှင့် ဘူလ်ဂေးရီးယားသို့ ဂက်စ်ပေးပို့မှုများ ရုရှား ရပ်ဆိုင်း 
By Mr John

ရုရှားက ဘူလ်ဂေးရီးယားနှင့် ပိုလန်သို့ ဂက်စ်ပေးပို့နေမှုများကို ဧပြီ (၂၇) ရက်နေ့တွင် ရပ်ဆိုင်းလိုက်ပြီး ထိုနိုင်ငံတွေက ဂက်စ်ဖိုးကို ရုရှားနိုင်ငံသုံး ရူဘယ်ငွေဖြင့် ပေးချေရန် ၎င်း၏ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ခြင်းကြောင့်ဟု ဆိုသည်။

ရုရှား၏ ယခုလုပ်ဆောင်မှုက ဥရောပစီးပွားရေး တိုက်ရိုက်ရည်ရွယ်ခြင်းဖြစ်ပြီး ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့မှုအပေါ် နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများကို ရုရှား၏ အပြင်းထန်ဆုံး လက်တုံ့ပြန်မှုလည်း ဖြစ်လာသည့်အတွက် ယခုလုပ်ဆောင်မှုမှာ ခြိမ်းခြောက် အကျပ်ကိုင်မှုဖြစ်ကြောင်း ဥရောပခေါင်းဆောင်တွေက လူသိရှင်ကြား ရှုတ်ချကြသည်။ 

ရုရှားက နိုင်ငံအရှေ့ပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်မှုအသစ်ကို ခုခံကာကွယ်နေသည့် ယူကရိန်းအတွက် ဥရောပနိုင်ငံတွေက အမေရိကန်နှင့်အတူ လက်နက်အကူအညီပေးမှုများ အရှိန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ရုရှားဂက်စ် ပြည်ပတင်ပို့မှုကို ချုပ်ကိုင်ထားသည့် Gazprom ကုမ္ပဏီက ပိုလန်နှင့် ဘူလ်ဂေးရီးယားက ငွေပေးချေမှုများကို ရူဘယ်ငွေဖြင့် ပေးချေခြင်းမရှိတာကြောင့် ထိုနိုင်ငံများသို့ ဂက်စ်ပေးပို့မှုများ အပြည့်အဝ ရပ်ဆိုင်းထားလိုက်ကြောင်း ထုတ်ပြန်သည်။



ရူဘယ်ငွေဖြင့် ပေးချေခြင်းမပြုသည့် မိတ်ဆွေမပီသသော နိုင်ငံများသို့ ဂက်စ်ပေးပို့မှု ရပ်ဆိုင်းထားရန် သမ္မတဗလာဒီမာပူတင်က Gazprom ကုမ္ပဏီကို ပြီးခဲ့သည့်လအတွင်း အမိန့်ဒီကရီတစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဂက်စ်အရောင်းအဝယ်စာချုပ်များတွင် ယူရိုငွေဖြင့်ပေးချေရန် သဘောတူထားကြောင်းနှင့် ရူဘယ်ငွေဖြင့် ပေးချေခိုင်းခြင်းက သဘောတူညီမှုကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂ ထောက်ပြသည်။

ရုရှား၏လုပ်ရပ်က ဂက်စ်ကို ခြိမ်းခြောက်အကျပ်ကိုင်ရန် လက်နက်တစ်ခုအဖြစ် အသုံးချရန် နောက်ထပ် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen က ပြောဆိုလိုက်သည်။



ပိုလန်က ရုရှားကျူးကျော်စစ်ကို ကျယ်ကျယ်လောင်လောင် ကန့်ကွက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

ဘူလ်ဂေးရီးယားမှာ ရုရှားနှင့် ပိုမိုနွေးထွေးသည့် ဆက်ဆံရေးရှိခဲ့သော်လည်း ယမန်နှစ်အတွင်း အာဏာရလာခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဦးဆောင်လှုပ်ရှားသူ ဝန်ကြီးချုပ် Kirill Petov က ယူကရိန်းအရေးတွင် ရုရှားကို ကန့်ကွက်ရှုတ်ချခဲ့သည်။

ဘူလ်ဂေးရီးယားဝန်ကြီးချုပ် Kirill Petov က ဧပြီ (၂၇) ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။

ပိုလန်နှင့် ဘူလ်ဂေးရီးယားမှာ ဥရောပသမဂ္ဂနှင့် NATO မဟာမိတ်အုပ်စုတွင် အဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်သည်။



Source: Reuters