ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင်အကြား ရစ်ချ်တာစကေး (၃.၆)အဆင့်ရှိ ငလျင် လှုပ်ခတ်သွား

ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင်အကြား ရစ်ချ်တာစကေး (၃.၆)အဆင့်ရှိ ငလျင် လှုပ်ခတ်သွား
အောက်တိုဘာ 8, 2022 | ရှမ်းရှေ့

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင်အကြား ကျိုင်းတုံနယ်နိမတ်အတွင်း၌ ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့ နံနက်(၁၁)နာရီ (၄၉)မိနစ် (၃၇)စက္ကန့်အချိန်က ရစ်ချ်တာစကေး (၃.၆)အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း ထိုင်းနိုင်ငံ မိုးလေဝသဌာန၊ ငလျင်စောင့်ကြည့်ရေးဌာနခွဲ(  Thailand Earthquake Report Earthquake Observation Division -  TMD)က သတင်းထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ(၈)ရက်နေ့၏ နေ့တစ်ပိုင်းတည်း အနေဖြင့်  နံနက်(၁)နာရီ (၂၀)မိနစ် (၁)စက္ကန့်အချိန်က  ရစ်ချ်တာစကေး (၂.၈)အဆင့် အသေးစား ငလျင်ကနေ ယခုလှုပ်ခတ်သည့်  ရစ်ချ်တာစကေး (၃.၆)အဆင့် အပါအဝင် စုစုပေါင်း (၉)ကြိမ် လှုပ်ခတ်သွားခဲ့သည်။

ယင်းသို့ လှုပ်ခတ်သွားသည့် နေရာများမှာ ကျိုင်းတုံမြို့ထဲတွင် မဟုတ်ဘဲ လူသူအနေအထိုင် နည်းပါးသည့် တောတောင်နှင့်ကျေးရွာအချို့အနီးနားတွင်သာ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ကို ငလျင်စောင့်ကြည့်ရေးဌာနခွဲ၏ အချိန်နှင့်တပြေးညီ ထုတ်ပြန်ချက်များအရ သိရသည်။

ကျိုင်းတုံခရိုင်အတွင်းနှင့် အသေးစားငလျင်များ နေ့စဉ် လှုပ်ခတ်နေလျက်ရှိကြောင်း သိရသည်။