မိုင်းတုံမြို့နယ်အတွင်း နားကောင်းမူး ဈေးတွင် ပျံကျဈေးသည်များကို တစ်နေ့ ဈေးကောက် ဘတ်(၃၀)ကောက်နေ၍ ဈေးသည်များအတွက် အဆင်မပြေ ဖြစ်နေ

မိုင်းတုံမြို့နယ်အတွင်း နားကောင်းမူး ဈေးတွင် ပျံကျဈေးသည်များကို တစ်နေ့ ဈေးကောက် ဘတ်(၃၀)ကောက်နေ၍ ဈေးသည်များအတွက် အဆင်မပြေ ဖြစ်နေ
စက်တင်ဘာ 23, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း နားကောင်းမူးတွင် ပျံကျဈေးသည်များကို တစ်နေ့လျှင် ဈေးကောက်အဖြစ် ဘတ်(၃၀)ကောက်ခံနေ၍ ဈေးသည်များအတွက် အဆင်မပြေ ဖြစ်နေပြီး မူလအတိုင်း (၁၀)ဘတ်သာ ကောက်ရန် လိုလားနေကြကြောင်း သိရသည်။

အရင်က လမ်းမကြီးမှာ ရောင်းကြပါတယ်။ ၂၀၂၀ခုနှစ်က အပြင်မှာ ကားတွေနဲ့ အန္တရာယ်များတယ်ဆိုပြီး စျေးအတွင်းကို ပြန်သွင်းပါတယ်။ စျေးကကျဥ်းတော့ ဆိုင်ခန်း မလုပ်ရသေးတဲ့ အခန်းလွတ်တွေမှာ ရောင်းခိုင်းတာပါ။  အခုနှစ် (၉)လပိုင်း တစ်ရက်နေ့ကစပြီး အတွင်းခန်းတွေမှာ ရောင်းတဲ့ သူက တစ်ရက်ကို ဘတ်(၃၀)ပေးရတယ်။ အရင်က (၁၀)ဘတ်ပဲ ကောက်တာ။ တချို့ဈေးသည်ဆို ဈေးကောက် ဘတ်(၃၀)ကို မတတ်နိုင်လို့ တစ်နေရာတည်းမှာ (၂)ယောက်ပေါင်းပြီး ခင်းကျင်းရောင်းနေကြရတယ်။ သူတို့ ရောင်းတာကလည်း မှိုတို့ မျှစ်တို့ အသီး အရွက်တွေပဲ ရောင်းတာပါ

ဟု ဈေးသည်များနှင့်နီးစပ်သူက Tachileik News Agency သို့ စက်တင်ဘာလ(၂၃)ရက်နေ့တွင် ပြောသည်။

ဈေးမရောင်းကောင်းသည့်အပြင် ဈေးကောက်ကိုလည်း ဘတ်(၃၀)ပေးရသည့်အတွက် အဆင်မပြေမှုများကြောင့် ယခင်လို (၁၀)ဘတ်သာ ကောက်ခံပေးရန် ဈေးသည်များက လိုလားနေကြသည်။

"ဈေးကလည်း ရောင်းမကောင်းဘူး။ ဈေးကောက်ကလည်း ဘတ်(၃၀)အထိ ပေးရတော့ ကျွန်မတို့အတွက် တကယ်ကို အဆင်မပြေဘူး။ အရင်လို (၁၀)ဘတ်လောက်ပဲ ပြန်ကောက်ရင် ကောင်းမှာပဲ"ဟု အမည်မဖော်လိုသည့် ဈေးသည်တစ်ဦးက ပြောသည်။

 

မိုင်းတုံမြို့နယ်တွင် တိုင်းရင်းသားအများစုနေထိုင်ကြပြီး ၎င်းတို့သည် လယ်ထဲ နှင့် မိမိတို့ ခြံတွင် စိုက်ပျိုး၍ ထွက်လာသည့် သီးနှံများကို ဈေးနှုန်းအနည်းငယ်ဖြင့်သာ ရောင်းနေကြရသော်လည်း တစ်နေ့ တစ်နေ့ ကောက်ခံသည့် ဈေးကောက် ဘတ်(၃၀)မှာ ဈေးသည်များအတွက် အခက်အခဲတစ်ခုအနေဖြင့် ဖြစ်ပေါ်နေပြီး တောင်းသလောက်ပေးနေရသည်ဟု ဆိုသည်။

"အခန်းအလွတ်မှာ ရောင်းတယ်ဆိုပြီး (၃၀)ဘတ် ကောက်တာပါ။ အရှေ့မျက်နှာစာမှာဆိုရင် တစ်ရက် (၃၅)ဘတ် ကောက်ပါတယ်။ နေရာက အကာတွေ  ဘာတွေ မလုပ်ရသေးတဲ့ အခန်းအလွတ်ပါ။ ရွာကလူတွေက နားမလည်ကြ မသိကြတော့ အတော်ခံနေရတာပါ။ ဈေးသည်တွေကလည်း မကျေနပ်ပေမဲ့ ဘာမှ မလုပ်တတ်ကြတော့ ခံနေရတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

နားကောင်းမူဈေးတွင် ယခင်က ကျပ်(၆၂၀) နှင့် ညီမျှသည့် ထိုင်းဘတ်ငွေ (၁၀)ဘတ်သာ ကောက်ခံနေရာမှ ယခုအခါမှာ ကျပ်(၁၈၆၀)နှင့် ညီမျှသည့် ထိုင်းဘတ်ငွေ (၃၀)ဘတ်ကို ဈေးကောက်အဖြစ် ကောက်ခံနေခြင်း ဖြစ်သည်။

#TachileikNewsAgency