ပင်လယ်နက်အတွင်းရှိ ရုရှားစစ်သင်္ဘော ပေါက်ကွဲ ပျက်စီး၊ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း ပြော

ပင်လယ်နက်အတွင်းရှိ ရုရှားစစ်သင်္ဘော ပေါက်ကွဲ ပျက်စီး၊ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း ပြော
By Mr John

ပင်လယ်နက်အတွင်း ဖြန့်ကျက်ချထားသည့် ရုရှားစစ်သင်္ဘောတစ်စီး ဧပြီ (၁၄) ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အကြီးအကျယ်ပျက်စီးပြီး သင်္ဘောသားများ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။

ထိုစစ်သင်္ဘော ပေါက်ကွဲမှုမှာ မိမိတို့ဘက်က ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း ယူကရိန်းက ပြောခဲ့သော်လည်း အတည်မပြုနိုင်သေးဟု ဆိုသည်။

ယူကရိန်းကို ကျူးကျော်စစ်ဆင်မှု ရက် (၅၀) မြောက်နေ့တွင် ဆိုဗီယက်ခေတ် ဒုံးကျည်ပစ် ခရူဇာစစ်သင်္ဘော Moskva ကို ဆုံးရှုံးရခြင်းက ရုရှားစစ်တပ်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်မည်ဟု Reuters သတင်းက ဖော်ပြသည်။



ထိုစစ်သင်္ဘောမှာ စစ်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ဖွယ်ရှိသည့် ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်နယ်မြေကို ထိုးစစ်ဆင်မှုအတွက် အသင့်အနေအထား ပြင်ဆင်ထားစဥ် ပေါက်ကွဲပျက်စီးသွားခဲ့ခြင်းလည်း ဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားမှုအရ Moskva စစ်သင်္ဘောပေါ်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာမှ ခဲယမ်းမီးကျောက် ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု Interfax သတင်းဌာနက ဖော်ပြထားသော်လည်း မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ ပြောကြားထားခြင်း မရှိပေ။



Odesa မြို့ ၏ ပင်လယ်နက်ဆိပ်ကမ်းဝန်းကျင် နယ်မြေအုပ်ချုပ်ရေးမှူး Maksym Marchenko ကတော့ ရုရှား၏ Moskva စစ်သင်္ဘောမှာ ယူကရိန်းထုတ် Neptune သင်္ဘောဖျက် ခရုစ်ဒုံးကျည်နှစ်စင်း ထိမှန်ခံခဲ့ရပြီး ပေါက်ကွဲပျက်စီးခဲ့သည်ဟု ပြောသည်။

ယခု စစ်သင်္ဘောပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပေးခဲ့ခြင်းမရှိသလို Reuters အနေဖြင့် နှစ်ဘက်စလုံး၏ ထုတ်ပြန်ချက်များကို အတည်မပြုနိုင်ဟု ဆိုသည်။

Source: Reuters