အမေရိကန် လေပိုင်နက်အတွင်း ဝင်ရောက်ပျံသန်းသည့် တရုတ်၏ မိုးပျံပူဖောင်း ကဲ့သို့ စပိုင် မိုးပျံပူဖောင်းများ အကြောင်း

အမေရိကန် လေပိုင်နက်အတွင်း ဝင်ရောက်ပျံသန်းသည့် တရုတ်၏ မိုးပျံပူဖောင်း ကဲ့သို့ စပိုင် မိုးပျံပူဖောင်းများ အကြောင်း
ဖေဖော်ဝါရီ 4, 2023 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန်နိုင်ငံ လေပိုင်နက်အတွင်း တရုတ်နိုင်ငံ၏ စောင့်ကြည့်ထောက်လှမ်းရေး စပိုင်မိုးပျံပူဖောင်းတစ်လုံး ရက်အတန်ကြာ ဝင်ရောက်ပျံသန်းနေခဲ့ကြောင်း အမေရိကန်အရာရှိများက ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ပြောကြားလိုက်သည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ တရုတ်ခရီးစဥ် မတိုင်မီ ရက်ပိုင်းမျှအလိုတွင် စပိုင်မိုးပျံပူဖောင်း ပျံသန်းမှုကို တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

တရုတ်၏ စပိုင်မိုးပျံပူဖောင်းကို ခြေရာခံ စောင့်ကြည့်နေသော်လည်း အပျက်အစီးများက အန္တရာယ်ရှိနိုင်သောကြောင့် ပစ်ချခြင်းမပြုရန် အမေရိကန် စစ်တပ် ခေါင်းဆောင်များက သမ္မတဂျိုးဘိုင်ဒန်ကို အကြံပြုထားကြောင်း သိရသည်။ 

စောင့်ကြည့်ထောက်လှမ်းရေးနှင့် အခြား စစ်ဘက်ဆိုင်ရာ မစ်ရှင်များအတွက် အမြင့်ပျံသန်းသည့် စပိုင်မိုးပျံပူဖောင်းများကို ပြီးခဲ့သည့် ရာစုနှစ်လယ်ပိုင်းတွင် စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ 

စပိုင်မိုးပျံပူဖောင်းများ မည်သို့ အလုပ်လုပ်ပုံနှင့် ၎င်းတို့ကို မည်သည့်အတွက် အသုံးပြုနိုင်ကြောင်း ကောက်နုတ်ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က အမေရိကန်ပိုင်နက်အတွင်းသို့ မိုးပျံပူဖောင်းများသုံးပြီး မီးလောင်ဗုံးများချရန် ကြိုးပမ်းခဲ့သည်။ 

စစ်ဘက်ဆိုင်ရာ ပစ်မှတ်များ ထိခိုက်ပျက်စီးခဲ့ခြင်း မရှိသော်လည်း အော်ရီဂွန်ပြည်နယ် တောအုပ်တစ်ခုအတွင်း မိုးပျံပူဖောင်းတစ်လုံး ကျရောက်ခဲ့မှုကြောင့် အရပ်သားအချို့ သေဆုံးခဲ့သည်။

တိယကမ္ဘာစစ်ပြီးစအချိန်တွင် အမေရိကန်စစ်တပ်က အမြင့်ပျံသန်းသည့် စပိုင်မိုးပျံပူဖောင်းများကို စတင်အသုံးပြုခဲ့ပြီး Project Genetrix ခေါ် မစ်ရှင်များ လုပ်ဆောင်ခဲ့သည်။ 

၁၉၅၀ ပြည့်လွန်နှစ်များအတွင်း အမေရိကန်က ထိုမစ်ရှင်များဖြင့် ဆိုဗီယက်ပြည်ထောင်စု ကောင်းကင်ယံသို့ မိုးပျံပူဖောင်းများ ပျံသန်းစေကာ ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း အစိုးရမှတ်တမ်း စာရွက်စာတမ်းများအရ သိရှိရသည်။

စပိုင်မိုးပျံပူဖောင်းများကို အမြင့်ပေ (၈၀,၀၀၀) မှ (၁၂၀,၀၀၀) တွင် ပျံသန်းစေခြင်းဖြစ်ပြီး စီးပွားဖြစ်လေကြောင်းလိုင်း လေယာဥ်များ ပျံသန်းလေ့ရှိသည့် အမြင့်ပေထက်က များစွာပိုမြင့်သည်။ 

စွမ်းဆောင်ရည်အမြင့်ဆုံး တိုက်လေယာဥ်တစ်စီးမှာ အမြင့်ပေ (၆၅,၀၀၀) အထက်တွင် ပျံသန်းခြင်းမရှိသော်လည်း U-2 ကဲ့သို့ စပိုင်လေယာဥ်များကမူ အမြင့်ပေ (၈၀,၀၀၀) သို့မဟုတ် ထိုထက်ပိုသည့် အမြင့်တွင် ပျံသန်းလေ့ရှိသည်။

စပိုင်မိုးပျံပူဖောင်းများ၏ အားသာချက်များတွင် ကျယ်ပြောလှသည့် နယ်မြေများကို အနီးကပ်ဆွဲ၍ ကြည့်ရှုစစ်ဆေးနိုင်မှုနှင့် ပစ်မှတ်ထားသည့် ဧရိယာတစ်ခုပေါ်တွင် အချိန်ပိုမိုရှည်ကြာ ရှိနေနိုင်မှုတို့ ပါဝင်ကြောင်း အမေရိကန်လေတပ်၏ Air Command and Staff College သို့ ပေးပို့သည့် ၂၀၀၉ ခုနှစ် အစီရင်ခံစာအရ သိရှိရသည်။

စပိုင်မိုးပျံပူဖောင်းများမှာ ဂြိုဟ်တုများကဲ့သို့ ဒေါ်လာသန်းရာနှင့်ချီ ကုန်ကျသည့် အာကာသအတွင်းသို့ လွှတ်တင်မှုများ မလိုအပ်ဘဲ ကုန်ကျစရိတ် ပိုမိုသက်သာသည်။

ထိုမိုးပျံပူဖောင်းများကို လိုရာသို့ တိုက်ရိုက် ထိန်းချုပ်ပျံသန်းစေနိုင်သလို မတူညီသည့် လေစီးကြောင်းများနှင့်အတူ လိုက်ပါစေရန် အမြင့်ပေများ ပြောင်းလဲပေးခြင်းဖြင့် ပစ်မှတ်ထားသည့် ဧရိယာတစ်ခုသို့ လမ်းညွှန်ပေးနိုင်ကြောင်း အမေရိကန်လေတပ်၏ Airpower Research Institute အတွက် ပြုလုပ်ခဲ့သည့် ၂၀၀၅ ခုနှစ် လေ့လာမှုက ဆိုသည်။

အမေရိကန်စစ်တပ်က သမ္မတဂျိုးဘိုင်ဒန် အစိုးရလက်ထက် မတိုင်မီက အပါအဝင် မကြာသေးမီ နှစ်များအတွင်း အခြား စပိုင်မိုးပျံပူဖောင်းများကိုလည်း ခြေရာခံတွေ့ရှိခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

Source: Reuters

Photo: LARRY MAYER/THE BILLINGS GAZETTE, AP Photo/Andrew Harnik,  FT montage; Dreamstime, IDF SPOKESMAN’S UNIT,