မြန်မာ့အရေးဆွေးနွေးမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ ထိုင်းဝန်ကြီးချုပ် မတက်ဘဲ ဒုဝန်ကြီးချုပ်သာ တက်မည်

မြန်မာ့အရေးဆွေးနွေးမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ ထိုင်းဝန်ကြီးချုပ် မတက်ဘဲ ဒုဝန်ကြီးချုပ်သာ တက်မည်

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပမည့် မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေးသို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာ မတက်ရောက်ဘဲ ဒုဝန်ကြီးချုပ်လည်းဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးကိုသာ စေလွှတ်မည်ဟု ၂၀၂၁ ခုနှစ် ဧပြီလ (၁၉) ရက်နေ့တွင် ထိုင်းအစိုးရသတင်းရင်းမြစ်ကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းတွင် ဖေါ်ပြထားသည်။

အာဆီယံထိပ်သီးခေါင်းဆောင်များက ဂျကာတာမြို့တွင် လာမည့် ဧပြီ (၂၄) ရက်နေ့၌ စစ်အာဏာသိမ်းထားသည့် မြန်မာ့အရေး အဖြေရှာနိုင်ရေး မျက်နှာချင်းဆိုင် ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ဖွယ်ရှိသည်ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ (၁၇) ရက်နေ့က ပြောကြားထားခြင်းဖြစ်သည်။ အဆိုပါ အာဆီယံထိပ်သီးအစည်းအဝေးသို့ ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် CRPH က ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖိတ်ကြားသင့်သည်ဟု တောင်းဆိုမှုများ ရှိနေသည့်အပြင် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် နိုင်ငံပြင်ပရောက်သည်နှင့် နိုင်ငံတကာဥပဒေဖြင့် ဖမ်းဆီးသင့်သည်ဟု Globle R2P ဒါရိုက်တာ ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် ပြည်သူရွေးကောက်ထားသည့် အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးထိန်းသိမ်းထားသည့်အပြင် စစ်အာဏာသိမ်းမှု လက်မခံသည့် ပြည်သူများကို သေစေလောက်သည့် အင်အားသုံး၍ အကြမ်းဖက်နှိမ်နှင်းခြင်းကြောင့် အရပ်သားပြည်သူ (၇၀၀) ကျော်သေဆုံးခဲ့ကာ ထောင်ပေါင်းများစွာမှာ အကြမ်းဖက်ဖမ်းဆီးထိန်းသိမ်းခံနေကြရခြင်းဖြစ်သည်။

Ref: Bangkok Post