ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမြင့်သူ နှုတ်ထွက်စာတင်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထား

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမြင့်သူ နှုတ်ထွက်စာတင်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထား
ဖေဖော်ဝါရီ 24, 2021 | နိုင်ငံရေး

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမြင့်သူ နှုတ်ထွက်စာတင်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထား

 

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရသည့် ဦးမြင့်သူက နှုတ်ထွက်စာတင်လိုက်ပြီး  ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့၌ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားလိုက်ကြောင်း သတင်းများထွက်ပေါ်လာသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌  စစ်တပ်က နိုင်ငံတော်အာဏာသိမ်းလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီက ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် အရေးပေါ်အစည်းအဝေးခေါ်ယူရာတွင်  မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ပေးခံရသူ ဦးမြင့်သူက စစ်တပ်ကအာဏာသိမ်းမှုနှင့်ပတ်သက်၍ ချေပခဲ့ရသူဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ကမ္ဘာ့နိုင်ငံအများစုက  မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခြင်း၊ ပြည်သူများရွေးချယ်တင်မြှောက်ထားသည့် အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထားခြင်းများကို အပြင်းအထန်ရှုံ့ချကန့်ကွက်ခဲ့ကြသည့်အပြင် ကုလသမဂ္ဂအဖွဲ့များ ပြည်တွင်းဝင်ရောက်လေ့လာခွင့်ကိုပါ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။



ကုလသမဂ္ဂမှ သိရသည့် သတင်းများအရ ဦးမြင့်သူမှာ ကိုယ်တိုင် နုတ်ထွက်စာ တင်ခဲ့သည်ဟု ၎င်းသတင်းထောက်က ဆိုပါတယ်။



ကုလမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမြင့်သူက ကိုယ်တိုင်နှုတ်ထွက်စာ တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားသည်ဟု ညွှန်ကြားစာပါ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိတွင် ရွေးကောက်ခံထားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က မြန်မာနိုင်ငံ၏ ကုလသမဂ္ဂအထူးသံတမန်အဖြစ် ဒေါက်တာဆာဆာကို ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့တွင် ခန့်အပ်တာဝန်ပေးထားသည်။

Tachileik News Agency