တာချီလိတ်မြို့တွင် (၁၀)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၈)ဦး တွေ့ရှိပြီး (၁)ဦး သေဆုံး

တာချီလိတ်မြို့တွင် (၁၀)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၈)ဦး တွေ့ရှိပြီး (၁)ဦး သေဆုံး
စက်တင်ဘာ 29, 2022 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် တကျော့ပြန် Covid-19 စစ်ဆေးတွေ့ရှိမှုအဖြစ် စက်တင်ဘာလ(၁၉)ရက်နေ့ကစပြီး  မြို့နယ် ထွေ/အုပ် ဝန်ထမ်း အပါအဝင် စုစုပေါင်း (၈)ဦးတွေ့ရှိပြီး (၁)ဦးမှာ ရောဂါအခံဖြင့် သေဆုံးကြောင်း သိရသည်။

"တာချီလိတ်မှာတော့ လောလောဆယ် (၈)ဦး ဆိုတာက ဆေးရုံမှာ လာစစ်လို့ တွေ့တာမျိုးပေါ့။ ဒီထဲမှာ လေယာဉ်စီးဖို့အတွက် ဆေးရုံဟောင်းမှာ လာစစ်တာတို့၊ ကိုယ့်ကိုကိုယ် သံသယဖြစ်လို့ လာစစ်တာတို့ အဲ့လိုတွေ့တာတွေအပြင် ဆေးရုံကြီးမှာလည်း ဆေးရုံတင်ရင်း စစ်လို့ တွေ့တာလည်း ပါတာပေါ့။ ဒါကတော့ ဆေးရုံမှာ စစ်လို့ပါ။ အပြင်မှာ ဖျားနာနေတဲ့လူတွေလည်းများနေတယ်။ လာမစစ်ကြဘဲ ကိုဗစ် လက္ခဏာလိုတွေက များနေတယ်"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

တာချီလိတ်မြို့တွင် ဆေးရုံသစ် နှင့် ဆေးရုံဟောင်းအတွင်း စစ်ဆေး၍ Covid-19 တွေ့ရှိမှုအဖြစ် စက်တင်ဘာလ(၁၉)ရက်နေ့က အမျိုးသမီး (၁)ဦးတွင် Covid-19 တွေ့ရှိပြီး ရောဂါအခံဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

ဆက်လက်၍ စက်တင်ဘာလ(၂၁)ရက်နေ့က (၃)ဦး၊ စက်တင်ဘာလ(၂၂)ရက်နေ့က (၁)ဦး၊ စက်တင်ဘာလ(၂၅)ရက်နေ့က (၁)ဦး နှင့် စက်တင်ဘာလ(၂၇)ရက်နေ့တွင်  လေယာဉ်စီးမည့် ခရီးသည်(၁)ဦး နှင့် ထွေ/အုပ်ဝန်ထမ်း   (၂)ဦးတို့တွင်  တွေ့ရှိရာ စက်တင်ဘာလ(၁၉)ရက်နေ့ကနေ စက်တင်ဘာလ(၂၉)ရက်နေ့အထိ စုစုပေါင်း Covid-19 ကူးစက်ခံထားရသူ (၈)ဦး တွေ့ရှိထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 တကျော့ပြန် ပြန်လည်တွေ့ရှိလာပြီးနောက် သက်ဆိုင်ရာများက ပြည်သူများ Mask များကို ပြန်လည်တပ်ဆင်ပြီး သွားလာကြရန် အသိပေးထားကြောင်း သိရသည်။