Covid-19 ပိုးတွေ့လူနာ (၉၀)ဝန်းကျင်ရှိလာနေသည့် လားရှိုးမြို့တွင် မြို့မဈေးရှိ ကုန်စိမ်းဈေးတန်းကို (၁၄)ရက် ပိတ်ခိုင်းထား

Covid-19 ပိုးတွေ့လူနာ (၉၀)ဝန်းကျင်ရှိလာနေသည့် လားရှိုးမြို့တွင် မြို့မဈေးရှိ ကုန်စိမ်းဈေးတန်းကို (၁၄)ရက် ပိတ်ခိုင်းထား

Covid-19 ပိုးတွေ့လူနာ (၉၀)ဝန်းကျင်ရှိလာနေသည့် လားရှိုးမြို့၏ အခြေအနေအရ မြို့မဈေးရှိ ကုန်စိမ်းဈေးတန်းကို ဇွန်လ(၁၈)ရက်နေ့က စ၍ ဇူလိုင်လ(၁)ရက်နေ့အထိ Lockdown အဖြစ် သတ်မှတ်လိုက်ပြီး ယာယီပိတ်ခိုင်းထားလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့က စတင်ပြီး Covid-19 ပိုးတွေ့လူနာ တစ်ဦးတွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ပိုးတွေ့လူနာများပြားခဲ့ပြီး မြို့မဈေးရှိ ဈေးတာဝန်ခံရုံး မှ ဝန်ထမ်းတစ်ဦး နှင့် ကုန်စိမ်းတန်းရှိ ဈေးသည်အချို့ထံတွင်လည်း Covid-19 ပိုးထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပိုးတွေ့ရှိသူအများစုသည် အနံ့ပျောက်ဝေဒနာဖြစ်ပေါ်လာ၍ Covid-19 စစ်ဆေးခံရန် ရောက်ရှိလာခဲ့ကြကာ စစ်ဆေးပြီးနောက် Covid-19 ပိုးတွေ့ခဲ့ခြင်းဖြစ်သည့်အတွက် အစစ်ဆေးမခံစဉ်အချိန်က သွားလာ လှုပ်ရှားမှုများလဲ ရှိခဲ့ခြင်းဖြစ်သောကြောင့် ၎င်းတို့သွားလာခဲ့သည့် ကုန်စိမ်းဈေးတန်းကို နှစ်ပတ်ခန့် ယာယီပိတ်လိုက်ခြင်း ဖြစ်ပြီး သား၊ ငါးဈေးတန်း၊ ကုန်ခြောက်တန်း စသည်တို့ကို ဆက်ဖွင့်ခွင့်ပေးထားသည်ဟု သိရသည်။

ပိုးတွေ့သူများအနက် ဆိုင်ကယ်ဖြင့် ဈေးရောင်းသူတစ်ဦးပါဝင်သည့် အတွက်ကြောင့် မြို့မဈေးရှိ ကုန်စိမ်းဈေးတန်း အပြင် ရပ်ကွက် (၉)ရှိ ဘူတာဈေးတန်းကိုလည်း ဇူလိုင်လ (၁)ရက်နေ့အထိ ယာယီပိတ်ထားရန် လော်စပီကာဖြင့် လာရောက်ဆော်ဩထားသည့်အတွက် ဇွန်လ (၁၈)ရက်က စတင်၍ ဘူတာဈေးလဲပိတ်ထားရသည်ဟု သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး၊ မိုင်းရယ်၊ တန့်ယန်း၊ သီပေါ၊ နမ့်လန်၊ နမ္မတူ မြို့များတွင် ကိုဗစ်ပိုးတွေ့ လူနာများကို ဇွန်လအတွင်း တောက်လျှောက်တွေ့ရှိနေခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့တွင် ဇွန်လ (၁၇)ရက် ညနေပိုင်းအထိ စုစုပေါင်း (၈၆)ဦးတွေ့ရှိခဲ့ကာ ဖေါ်ပြပါမြို့များအားလုံးပေါင်းလျှင် ပိုးတွေ့သူ (၁၀၁)ဦးရှိနေပြီး (၂)ဦးမှာ ကုသခံနေစဉ် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲမြို့များရှိ မြို့အဝင် အထွက်နေရာများတွင် ခရီးသွား ကုန်တင်ယာဉ်များအား Covid-19 နှင့် ပတ်သက်သည့် အချက်အလက်ရယူ စစ်ဆေးရေးဂိတ်များကိုလဲ ဇွန်လ၏ ဒုတိယပတ်ကစ၍ ပြန်လည်ထားရှိနေပြီး နောင်ချိုမြို့တွင်လည်း ဇွန်လ (၁၈)ရက်ကစ၍ Covid-19စစ်ဆေးရေးဂိတ်ပြန်လည် ထားရှိသွားမည်ဟု သိရသည်။