ဝက်လက်မြို့နယ် ရေလည်မော်ရွာကို စစ်ကောင်စီတပ် မီးရှို့

ဝက်လက်မြို့နယ် ရေလည်မော်ရွာကို စစ်ကောင်စီတပ် မီးရှို့
ဇန်နဝါရီ 24, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရေလည်မော်ရွာကို စစ်ကောင်စီတပ်များ ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ဝင်ရောက်မီးရှို့သွားကြောင်း Wetlet Information Networkထံမှ သိရသည်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရွာသာယာရွာ ပျူစောထီးစခန်းမှ စစ်ကောင်စီတပ်များသည် နံနက်(၃)နာရီဝန်းကျင်တွင် စက်လှေဖြင့် ဝက်လက်မြို့နယ် ရေလည်မော်ရွာသို့ ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် စက်သေနတ်များ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ရွာအတွင်းဝင်ရောက်လာပြီး နံနက် (၄) နာရီဝန်းကျင်တွင် ရွာရှိနေအိမ်(၁၂)လုံး၊ ပဲမှော်စင်တစ်လုံးနှင့် ဆိုင်ကယ်(၂)စီးတို့ကို မီးရှို့ဖျက်ဆီး၍ ရွာသာယာရွာ ပျူစောထီးစခန်းသို့ ပြန်သွားကြောင်း သိရသည်။

"ဒေသခံတွေ တော်တော်များများက ဒီမတိုင်ခင်ကပဲ တိမ်းရှောင်နေကြတာ။ မကြာမကြာစစ်ကောင်စီတပ်က ပစ်ခတ်မှုတွေရှိလို့ ရွာမှာမနေကြဘူးဗျ။ တချို့ကျတော့လည်း နေစရာမရှိလို့ ရွာမှာပြန်နေတဲ့သူတွေလည်းရှိတယ်ဗျ။ အဲတော့ ဖမ်းခံရသူရှိတယ်။ အခုတော့ ပြန်လွတ်လာပြီ။"ဟု Wetlet Information Networkမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်များ၏ ပစ်ခတ်ဝင်ရောက်လာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ဖမ်းဆီးခံရသည့် ဒေသခံတချို့ ပြန်လွတ်မြောက်ခဲ့ကာ သတ်ဖြတ်ခံရခြင်းရှိ၊ မရှိ အ‌ခြေအနေကိုမူ စုံစမ်းဆဲဖြစ်ပါသည်။

#TachileikNewsAgency

Photo: Wetlet Information Network