တာချီလိတ်မြို့နယ်အတွင်း တရုတ်နိုင်ငံသား (၁၃၀)ကျော် ဖမ်းခံရ၊ တရုတ်အစိုးရထံ လွှဲပြောင်းပေးရန် ကျိုင်းတုံသို့ ပို့ဆောင်ထား

တာချီလိတ်မြို့နယ်အတွင်း တရုတ်နိုင်ငံသား (၁၃၀)ကျော် ဖမ်းခံရ၊ တရုတ်အစိုးရထံ လွှဲပြောင်းပေးရန် ကျိုင်းတုံသို့ ပို့ဆောင်ထား
နိုဝင်ဘာ 9, 2023 | ရှမ်းရှေ့

 မြန်မာ - ထိုင်း - လာအိုနယ်စပ်ဒေသ တာချီလိတ်မြို့တွင် နိုဝင်ဘာလ၏ ပထမပတ်အလွန်တွင်  တရုတ်နိုင်ငံသား စုစုပေါင်း (၁၃၀)ကျော်ကို ဖမ်းဆီးလိုက်ပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေးနိုင်ရန် တာချီလိတ်ကနေ တဆင့် ကျိုင်းတုံသို့ပို့ဆောင်ကာ ယာယီ ထိန်းသိမ်းထားကြောင်း သိရသည်။

၂၀၂၃ခုနှစ် နိုဝင်ဘာလ၏ ပထမပတ်ကနေ နိုဝင်ဘာလ(၇)ရက်နေ့အထိ တရုတ်နိုင်ငံသား စုစုပေါင်း (၁၃၀)ကျော်ကို တာချီလိတ်မြို့နယ်အတွင်း ရဲစခန်းများရှိ အချုပ်အသီးသီးကနေ တဆင့် ကျိုင်းတုံသို့ ပို့ဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း   ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများထဲတွင် တာချီလိတ်မြို့မရဲစခန်းမှ တရုတ်နိုင်ငံသား(၄၆)ဦး၊ ဝမ်ပုံနယ်မြေရဲစခန်းမှ တရုတ်နိုင်ငံသား (၁၆)ဦး၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ တရုတ်နိုင်ငံသား (၄၁)ဦး နှင့် ကျိုင်းလပ်နယ်မြေရဲစခန်းမှ တရုတ်နိုင်ငံသား (၂၉)ဦး   ရှိရာ အားလုံးထဲတွင် အမျိုးသမီး (၉)ဦး ပါဝင်ကြောင်း နှင့် ၎င်းတို့အား ကျိုင်းတုံမြို့တွင် ယာယီထားရှိကြောင်း သိရသည်။

"သူတို့ကို   ဘယ်သူမှ မသိအောင်  ယာယီထား ထားတယ်။  တရုတ်နိုင်ငံကို ပြန်လွှဲပေးဖို့ပေါ့။ တာချီလိတ်ကနေ နောက်ထပ် ဖမ်းမိတာတွေလည်း ရှိလာဦးမယ်လို့တော့ ပြောတယ်"ဟု ကျိုင်းတုံမြို့မှ ဌာနဆိုင်ရာများနှင့် နီးစပ်သည့် သတင်းထောက်ဟောင်း တစ်ဦးက  Tachileik News Agency သို့ ပြောပြသည်။

တရုတ်နိုင်ငံသား (၁၃၀)ကျော်ကို နိုဝင်ဘာလ(၇)ရက်နေ့က တာချီလိတ်မြို့ကနေ ကျိုင်းတုံသို့ အချုပ်ကား(၂)စီး အပါအဝင် ယာဉ်စုစုပေါင်း (၉)စီးဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။

"တာချီလိတ်မှာ ဧည့်စာရင်းတွေ ညတိုင်းလိုလို စစ်တယ်။ တရုတ်တွေကိုလည်း စစ်လာတာရှိတယ်။ လမ်းမှာ တရုတ်တွေကို တွေ့လို့  ထုံးစံအတိုင်း ညှိမရတာမျိုးဆို ဖမ်းခေါ်သွားကြတာလည်း တွေ့ရတယ်။"ဟု တာချီလိတ်မြို့နေ ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း ယခုလ၏ ပထမပတ်အလွန်တွင် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားများထဲတွင် တာချီလိတ်မြို့နယ်အတွင်း စစ်တပ်နှင့် အဖွဲ့အစည်းအချို့ ၏ အကာအကွယ်ရယူပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများ ပါဝင်ခြင်း ရှိ မရှိကိုတော့ မသိရသေးပေ။