တာချီလိတ်မြို့တွင် ရက်ပေါင်း (၂၅)ရက်ကျော်ကြာသည်အထိ လူငယ်တစ်ဦး ပြန်ပေးဆွဲခံနေရ၍ အကူအညီ မဲ့နေ

တာချီလိတ်မြို့တွင် ရက်ပေါင်း (၂၅)ရက်ကျော်ကြာသည်အထိ လူငယ်တစ်ဦး ပြန်ပေးဆွဲခံနေရ၍ အကူအညီ မဲ့နေ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ  တာချီလိတ်မြို့တွင် အမည်မသိ လူတစ်စုက လူငယ်တစ်ဦးကို ထိုင်းဘတ်ငွေ  သိန်း(၃၀)ဖြင့် ပြန်ပေးဆွဲထားပြီး ငွေမပေးမချင်း ညှင်းပန်းနှိပ်စက်နေသည့်အပြင်  ရက်ပေါင်း (၂၅)ရက်ကျော် ကြာသည်အထိ ဖမ်းဆီးချုပ်နှောင်ထား၍ အကူအညီမဲ့နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့ ညနေပိုင်းက နေအိမ်သို့ ပြန်လာသည့် အသက်(၂၃)နှစ်အရွယ် ကိုစိုင်းဟောင်ခမ်းအား လမ်းကြားတွင် လူတစ်စုက ကားရှေ့နောက်ပိတ်ပြီးရပ်တန့်ကာ ဖမ်းဆီးချုပ်နှောင်ပြီး ကားဖြင့် တင်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကိုစိုင်းဟောင်ခမ်းအား ဖမ်းဆီးပြီးနောက် ယင်းညမှာပင် မိသားစုဝင်များအား ဆက်သွယ်လာပြီး ထိုင်းဘတ်ငွေ သိန်း(၅၀)ပေးပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုရာမှ မိသားစုဝင်များက ဘတ်သိန်း(၅၀) မတတ်နိုင်ကြောင်း ဘတ်ငွေ (၅)သိန်းပဲ တတ်နိုင်ကြောင်း ညှိနှိုင်းရာ  တဖက်က ဘတ်ငွေ (၅)သိန်း လွဲပေးရန် ပြောရာ ဘတ်ငွေ (၅)သိန်းကို (၂)ခါခွဲ၍ လွဲပေးလိုက်သော်လည်း ပြန်ပေးဆွဲသူများက ပြန်မလွတ်ပေးဘဲ ဘတ်သိန်း(၃၀)အထိ ပေးရမည်ဟု ပြောကြောင်း ရပ်ကွက်အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

(  ညှင်းပန်းနိပ်စက်နေသည့် ဗီဒီယို ) 

"စိုင်းဟောင်ခမ်းကို ဖမ်းသွားချိန်မှာ ကားရော ဖုန်းရောပါသွားတယ်။ သူတို့ တောင်းသလောက် ငွေမရတော့ စိုင်းဟောင်ခမ်းကို ညှင်းပန်းနိပ်စက်နေတဲ့ ဗီဒီယိုကို စိုင်းဟောင်ခမ်းပါသွားတဲ့ ဖုန်းထဲက Tiktok မှာ သူတို့ ဝင်တင်ထားတာ တွေ့ရတယ်။ လက်ကိုလည်း ပလယာနဲ့လားမသိဘူး ညပ်တာတွေ့ရတယ်။ ဖမ်းခံရတာ အခုဆိုရင် (၂၅)ရက် ကျော်ပြီ သူတို့မှာလည်း ပထမ ဘတ်(၅)သိန်းကိုတောင် ရှာကြံချေးငှားပြီး (၂)ရက်ခွဲ ပေးရတာလို့  ကျွန်တော်တို့ကို ပြောပြတယ်။  ရပ်ကွက်ရုံးက  အပါအဝင် စရဖ ရော စခန်းမှူးရော နေအိမ်ကို သွားရောက် စစ်ဆေးမေးမြန်းပြီးပါပြီ။ သက်ဆိုင်ရာကတော့ ဖော်ထုတ်ပေးမယ်ပြောပေမဲ့ အခုလက်ရှိအချိန်ထိကတော့ ဘာမှ ထူးခြားမှုမရှိသေးဘူး။  ဖမ်းခံရသူတွေရဲ့ မိသားစုဘက်က  အကူအညီမဲ့နေတယ်။ "ဟု  ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အမည်မဖော်လိုသည့် ရပ်ကွက်အဖွဲ့ဝင် တစ်ဦးက  Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၂၆)ရက်နေ့တွင် ပြောပြသည်။



ပြန်ပေးဆွဲသူများမှာ ၎င်းတို့ထံ ငွေကို လူတွေ့ပေးရခြင်း မဟုတ်သလို  KBZ Pay နှင့် Wave Money တို့ကတဆင့် ငွေလွှဲရသည်မဟုတ်ဘဲ Cryptocurrency အမျိုးအစား USDT (Tether) စနစ်ဖြင့် USDT ငွေ လွဲဝန်ဆောင်မှုပေးသည့် နေရာကနေ လွဲခိုင်းခြင်း ဖြစ်ကြောင်း ၎င်းထံက သိရသည်။

"တာချီလိတ်မှာတော့  အခုနောက်ပိုင်း Crypto စနစ် အသုံးပြုသူက နည်းသေးတယ်။ များသောအားဖြင့် တရုတ်အဖွဲ့နဲ့ တရုတ်နဲ့ ဆက်နွယ်တဲ့ အုပ်စုက သုံးတာများတယ်။"ဟု အွန်လိုင်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောပြသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းမှုကို ဆန့်ကျင်သူမှန်သမျှအား စရဖ နှင့် ရဲက ရှာကြံဖမ်းဆီးမှုများ လုပ်ဆောင်သော်လည်း ဒေသအတွင်း၌ ခိုးဆိုးလုယက်မှုများအပြင် မကြာခဏ ဖြစ်ပွားနေသည့် ပြန်ပေးဆွဲမှုများအထိ တားမြစ် ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။