ဂျပန်နိုင်ငံ အလယ်ပိုင်းကို တိုင်ဖွန်းမုန်တိုင်းဝင်ပြီး လူ (၂) ဦး သေဆုံး

ဂျပန်နိုင်ငံ အလယ်ပိုင်းကို တိုင်ဖွန်းမုန်တိုင်းဝင်ပြီး လူ (၂) ဦး သေဆုံး
စက်တင်ဘာ 25, 2022 | နိုင်ငံတကာသတင်း
By Mr John



ဂျပန်နိုင်ငံ အလယ်ပိုင်းကို တိုင်ဖွန်းမုန်တိုင်းတစ်ခု စက်တင်ဘာလ (၂၄) ရက်နေ့က ဖြတ်သန်းတိုက်ခတ်ခဲ့ရာ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူ (၂) ဦး သေဆုံးကြောင်းနှင့် ထောင်ပေါင်းများစွာသော အိမ်ထောင်စုများ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း Kyodo သတင်းဌာနက ဖော်ပြသည်။

တိုကျိုမြို့တော်၏ အနောက်တောင်ဘက်ရှိ ရှီဇူအိုကာမြို့တွင် မုန်တိုင်းဒဏ်ကို အဆိုးဆုံး ကြုံခဲ့ကြရပြီး စက်တင်ဘာလ (၂၂) ရက်နေ့ကတည်းက မိုးစတင်ရွာသွန်းနေခဲ့ရာ မိုးရေချိန် (၁၆.၄၂) လက်မအထိ ရှိခဲ့ကြောင်း ဂျပန်မိုးလေဝသဌာန Japan Meteorological Agency (JMA) က ပြောသည်။ 

တိုင်ဖွန်းမုန်တိုင်း Talas ၏ အလယ်ဗဟိုတွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် (၄၀) ရှိခဲ့ကြောင်းနှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၆) မိုင်ဖြစ်ကြောင်း JMA က ထုတ်ပြန်သည်။

အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ဦးမှာ မြေပြိုမှုအတွင်း သေဆုံးခဲ့ပြီး အသက် (၂၉) နှစ်အရွယ် အမျိုးသားကိုမူ ရေလှောင်တမံအတွင်း ထိုးကျသွားပြီးနောက် သေဆုံးလျက်သား တွေ့ရကြောင်း Kyodo သတင်းက ဖော်ပြသည်။ 

မုန်တိုင်းကြောင့် အိမ်ထောင်စု (၁၂၀,၀၀၀) ခန့်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း ဓာတ်အားပေးကုမ္ပဏီ Chubu Electric Power Grid Co. က ပြောသည်။ 

မြေပြိုမှုကြောင့် ဓာတ်အားလိုင်းတိုင် (၂) ခု ပြိုလဲခဲ့သည်ဟု ကုမ္ပဏီက ဆိုသည်။

"လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် အဆင်မပြေဖြစ်ရမှုအတွက် ကျွန်ုပ်တို့ အလေးအနက် တောင်းပန်ပါတယ်။ ဓာတ်အားပြတ်တောက်မှုက မြေပြိုမှုနဲ့ အခြား အကြောင်းအရင်းများကြောင့် အချိန်ကြာနေပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ ပြင်ဆင်ဖို့အတွက် တတ်နိုင်သမျှ အားလုံးကို လုပ်ဆောင်နေပါတယ်" ဟု ကုမ္ပဏီက Twitter တွင် ပြောထားသည်။

စက်တင်ဘာလ (၂၄) ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် အိမ်ထောင်စုအများစု လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိခဲ့ပြီး အိမ်ထောင်စု (၂,၈၀၀) ခန့်မှာ ထိုအချိန်အထိ ဓာတ်အားပြန်မရသေးဟု ဆိုသည်။ 

Chubu Electric Power Grid က ခန့်မှန်းမှုအရ ဓာတ်အားလိုင်းတိုင်များ ပြန်လည်ပြုပြင်ရန်အတွက် လအနည်းငယ်ကြာမည်ဟု သိရကြောင်း Kyodo သတင်းဌာနက ဖော်ပြသည်။

မိုးရွာသွန်းမှုကြောင့် စက်တင်ဘာလ (၂၃) ရက် ညနေပိုင်းမှစပြီး ဝန်ဆောင်မှုများ ရပ်ဆိုင်းထားခဲ့သည့် Central JR ကျည်ဆန်ရထားခရီးစဥ်များအနက် အချို့ကို ပြန်လည်ပြေးဆွဲနေပြီဟု သိရသည်။ 

JMA က တိုင်ဖွန်း Talas ကို အပူပိုင်းဆိုင်ကလုန်းအဖြစ် အားလျော့သွားကြောင့် စက်တင်ဘာလ (၂၄) ရက် နံနက်ပိုင်းတွင် အဆင့်လျှော့ချ သတ်မှတ်ခဲ့သော်လည်း ရှီဇူအိုကာတွင် နောက်ထပ် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပြီး မြေပြိုမှုနှင့် ရေကြီးမှုများကို သတိထားကြရန် တိုက်တွန်းခဲ့သည်။

တိုကျိုမြို့၏တောင်ဘက် (၁၉) မိုင်ခန့်အကွာရှိ ယိုကိုဟားမားမြို့တွင်လည်း စက်တင်ဘာလ (၂၄) ရက် မွန်းလွဲပိုင်းက မြို့ခံ (၃,၀၀၀) ခန့်ကို ရွှေ့ပြောင်းကြရန် အကြံပြုချက် ထုတ်ပြန်ခဲ့သည်။ 

ဂျပန်နိုင်ငံကို ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များကလည်း နှစ်များအတွင်း အကြီးဆုံး မုန်တိုင်းတစ်ခုဖြစ်သည့် တိုင်ဖွန်း Nanmadol ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ (၄) ဦး သေဆုံးနိုင်ပြီး လူ (၁၀၀) ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Source: Reuters