မိုးဗြဲတွင် စစ်ကောင်စီအမြောက်တပ်ဖွဲ့၏ လက်နက်ကြီး ကျည် ၂ လုံး တောင်ကုန်းပေါ်တပ်စွဲထားသည့် ၎င်းတို့တပ်ဖွဲ့ပေါ် ကျရောက်ပေါက်ကွဲ

မိုးဗြဲတွင် စစ်ကောင်စီအမြောက်တပ်ဖွဲ့၏ လက်နက်ကြီး ကျည် ၂ လုံး တောင်ကုန်းပေါ်တပ်စွဲထားသည့် ၎င်းတို့တပ်ဖွဲ့ပေါ် ကျရောက်ပေါက်ကွဲ
By Tachileik News Agency

ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်၏ လွိုင်ကော်အမြောက်တပ်က ပစ်ခတ်လိုက်သည့် တာဝေးပစ် လက်နက်ကြီးကျည် (၂)လုံးမှာ စက်တော်ရာကုန်းတွင် တပ်စွဲထားသည့် ၎င်းတို့၏စစ်ကောင်စီတပ်ဖွဲ့ရှိရာနေရာကို ကျရောက်ပေါက်ကွဲသွားကြောင်း မိုးဗြဲ PDF က ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာလ (၁၉)ရက်နေ့ကတည်းက မိုးဗြဲမြို့ကို စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ပေါင်းစုတို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ၏ လွိုင်ကော် အမြှောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ တာဝေးပစ်လက်နက်ကြီးကျည် (၂)လုံးမှာ စက်တော်ရာကုန်းတွင် တပ်စွဲထားသည့် ၎င်းတို့၏တပ်ဖွဲ့ပေါ် ကျရောက်ပေါက်ကွဲသွားသည်ကို တွေ့ရပြီး အဆိုပါပစ်ခတ်မှုကြောင့် သေဆုံးသူများလည်းရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

ယနေ့ညနေပိုင်းတိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်များ၏ စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက်ကစတင်ကာ အင်အားအလုံးအရင်းဖြင့် မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က စက်တော်ရာ တောင်ပေါ်တွင် တပ်စွဲထားပြီး မိုးဗြဲ PDF တပ်ရင်း ၁၀၀၁၊ ၁၀၀၇၊ ဖယ်ခုံ PDF တပ်ရင်း ၁၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ ဒီးမော့ဆို ၁၁၀၁ တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF တပ်များက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

မိုးဗြဲမြိုတွင် စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်သဖြင့် ပြည်သူများ မိုးဗြဲမြို့အတွင်း ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ယနေ့တွင် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်လည်း ငွေတောင်အခြေစိုက် အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ ၁၀၂ တပ်ရင်း လက်နက်တိုက်မှာ ပေါက်ကွဲမီးလောင်သွားခဲ့သည်။