မြောက်ကိုရီးယားက (၇၁)နာရီကျော်အကြာ သွားနိုင်သည့် ရေအောက် နျူကလီးယား တိုက်ခိုက်ရေးဒရုန်းအသစ် နောက်တစ်ကြိမ် စမ်းသပ်

မြောက်ကိုရီးယားက (၇၁)နာရီကျော်အကြာ သွားနိုင်သည့် ရေအောက် နျူကလီးယား တိုက်ခိုက်ရေးဒရုန်းအသစ် နောက်တစ်ကြိမ် စမ်းသပ်
By Mr John

မြောက်ကိုရီးယားက နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်ပြီး  (၇၁)နာရီကျော်အကြာ သွားနိုင်သည့် ရေအောက် တိုက်ခိုက်ရေးဒရုန်းကို နောက်ထပ် စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ၂၀၂၃ခုနှစ် ဧပြီလ (၈) ရက်နေ့တွင် သတင်းဖော်ပြသည်။ 

ယခုစမ်းသပ်မှုမှာ အမေရိကန်နှင့် တောင်ကိုရီးယားကို ရင်ဆိုင်ဆန့်ကျင်နေသည့် မြောက်ကိုရီးယား၏ စစ်တပ်စွမ်းရည် နောက်ဆုံးပြသမှုတစ်ခုလည်း ဖြစ်သည်။

မြောက်ကိုရီးယားက ဧပြီလ (၄) ရက်နှင့် ဧပြီလ (၇) ရက်အတွင်း "Haeil-2" ဟု အမည်ပေးထားသည့် မောင်းသူမဲ့ ရေအောက် နျူကလီးယား တိုက်ခိုက်ရေးဒရုန်းကို စမ်းသပ်ခဲ့ကြောင်း Korea Central News Agency (KCNA) က ပြောသည်။ 

အဆိုပါ ရေအောက် တိုက်ခိုက်ရေးဒရုန်းမှာ မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်အတွင်းသို့ (၇၁) နာရီနှင့် (၆) မိနစ်ကြာကြာ သွားလာခဲ့ပြီးနောက် ဧပြီလ (၇) ရက် မွန်းလွဲပိုင်းတွင် ရေအောက် ပစ်မှတ်နေရာ၌ ပေါက်ကွဲစေနိုင်သော ထိပ်ဖူးကို ဖောက်ခွဲခဲ့ကြောင်း KCNA က ဖော်ပြသည်။

မြောက်ကိုရီးယားက ပြီးခဲ့သည့် မတ်လအတွင်းကလည်း "Haeil-1" ဟု အမည်ပေးထားသည့် ရေအောက် နျူးကလီးယား တိုက်ခိုက်ရေးဒရုန်းကို စမ်းသပ်ခဲ့သေးပြီး "Haeil" မှာ ဆူနာမီဟု အဓိပ္ပါယ်ရကြောင်း သိရသည်။ 

ရေအောက် တိုက်ခိုက်ရေးဒရုန်းကို ဖြန့်ကျက်အသုံးပြုရန် အသင့်ဖြစ်နေမှုနှင့် ပတ်သက်၍ သံသယရှိသော်လည်း မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားကို အမျိုးမျိုးသော နျူကလီးယားခြိမ်းခြောက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း လေ့လာဆန်းစစ်သူများက ပြောသည်။

KCNA က ကြီးမားသည့် အနက်ရောင် တော်ပီဒိုပုံစံ အရာဝတ္ထုတစ်ခုနှင့် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားသည့် ဓာတ်ပုံများကို ထုတ်ပြန်ဖော်ပြခဲ့သည်။ 

မြောက်ကိုရီးယားက လက်နက်မျိုးစုံကို ပုံမှန် စမ်းသပ်နေပြီး အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် လတ်တလော သီတင်းပတ်များအတွင်း ၎င်း၏လှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ 

မကြာသေးမီကလည်း မြောက်ကိုရီးယားက အမေရိကန်နိုင်ငံရှိ မည်သည့်နေရာကိုမဆို ပစ်လွှတ်ရောက်ရှိနိုင်သော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွင် တပ်ဆင်နိုင်သည့် အရွယ်အစား ပိုမိုသေးငယ်သော နျူးကလီးယားထိပ်ဖူးအသစ်ကို ထုတ်ဖော်ပြသခဲ့သည်။  

Source: Reuters, CNN