ဖားကန့်တွင် SNA ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ သူနာပြုတစ်ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

ဖားကန့်တွင် SNA ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ သူနာပြုတစ်ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြိုနယ်တွင် ယနေ့ ၂၀၂၃ခုနှစ် သြဂုတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ(SNA)က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အိမ်တစ်လုံးပျက်စီးကာ အရပ်သား(၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံယောဇဉ်ကုန်းပေါ်တွင် တပ်စွဲထားသည့် SNAတပ်ဖွဲ့က (၆၀)မမ နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဟောင်ပါးကျေးရွာအုပ်စု၊ နန့်ပုတ်ကျေးရွာ စျေးတန်းအတွင်းသို့တစ်လုံး၊ နေအိမ်ပေါ်တစ်လုံး ကျရောက်ပေါက်ကွဲပြီး သူနာပြုဆရာမတစ်ဦးအပါအဝင် အရပ်သား (၇)ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က SNAဘက်ကနေ ရွာလူကြီးကိုပေါ့ ဆက်ကြေးကောက်ဖိုလား ဘယ်လိုကိစ္စမျိုးအတွက် သူတို့က ခေါ်တာလဲမသိဘူး။ အဲဒါနဲ့ ကျေးရွာဥက္ကဌတို့ ဘာတို့ကို လာတွေ့ဖိုခေါ်တာကို ရွာလူကြီးတွေက ကြောက်လို့ သွားမတွေ့ဘူးပေါ့။ အဲဒါ ဒီနေ့ (၁၁)နာရီ(၅)မီနစ်မှာ (၆၀)မမနှစ်လုံးနဲ့ သံယောဇဉ်ကုန်းပေါ်ကနေ လှမ်းပစ်တာ။”ဟု KPDFတပ်ခွဲမှူး ကိုမင်းကိုက Tachileik News Agencyကိုပြောသည်။

ယခင်က ယင်းကဲ့သို့ ကျေးရွာအတွင်းသို့ ပစ်ခတ်မှုမရှိဘဲ တောတွင်းသို့ ပစ်ခတ်ခြင်းများသာရှိရာက ယနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ရေးတင်းမာနေခြင်းမရှိဘဲ ကျေးရွာအတွင်းသို့ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နန့်ပုပ်ရွာနှင့် SNAတပ်စွဲထားသည့် သံယောဇဉ်ကုန်းမှာ တစ်မိုင်ဝန်းကျင်သာဝေးကြောင်း သိရသည်။

“သူတို့က အဲဒီရွာကို ကျိမ်းနေတာတော့ကြာပြီ။ စစ်တပ်ကရော၊ SNAကရော ကျိမ်းထားတာကြာပြီပေါ့။ အဲဒီရွာထဲကို PDF၊ KIAတွေ လုံးဝမလာစေနဲ့ ဘာညာဆိုတဲ့ ရွာလူကြီးတွေကို ခြိမ်းခြောက်တာတွေ အမြဲတမ်းလုပ်တယ်။ ကျွန်တော့်အထင်တော့ စစ်ရေးတင်းမာနေတာလည်းမရှိတော့ မနေ့ကမလာတဲ့ ကိစ္စကြောင့်ပဲ နန့်ပုပ်ရွာကို သတိပေးတဲ့အနေနဲ့ ပစ်ခတ်တာမျိုးလို့ထင်တယ်။”ဟု ၎င်းကဆက်ပြောသည်။

ယခင်ကလည်း SNAနှင့် စစ်ကောင်စီတပ်က ကျေးရွာလူကြီးများကို အမြဲခေါ်ယူလေ့ရှိကြောင်း၊ ယင်းသို့ခေါ်ယူခြင်းမှာ ရွာလူကြီးများသည် ရွှေလုပ်ငန်းများတွင်အသုံးပြုသည့် ဘတ်ဖိုးစက်များအား ငွေကြေးကောက်ခံကာ ၎င်းတို့ထံ သွားပေးရခြင်းဖြစ်ကြောင်း သိရသည်။  

ပြီးခဲ့သည့် ဩဂုတ်လ(၈)ရက်နေ့က စစ်ကောင်စီတပ်၏ ကသိုင်းတောင်စခန်းနှင့် SNAတပ်များ တပ်စွဲထားသည့် သံယောဇဉ်တံတားကို KIA ပူးပေါင်း PDF တပ်များက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ (၁၀)ရက်နေ့တွင်လည်း ညနေပိုင်းမှစတင်ကာ ဩဂုတ်လ (၁၁)ရက်နေ့ ည(၈)နာရီအထိ  ပန်ချယ်ဒေသတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

#TachileikNewsAgency

Photo : CJ