SSPP/SSA နှင့် စစ်ကောင်စီတပ်တို့ မိုးမိတ်တိုက်ပွဲဖြစ်ပွားပြီး အခြေအနေဆက်လက်တင်းမာနေ

SSPP/SSA နှင့် စစ်ကောင်စီတပ်တို့ မိုးမိတ်တိုက်ပွဲဖြစ်ပွားပြီး အခြေအနေဆက်လက်တင်းမာနေ
By Tachileik News Agency

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)ကို နယ်မြေမှထွက်သွားရန် အာဏာသိမ်းစစ်ကောင်စီတပ်က အကြောင်းကြားပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အထိ အခြေအနေ ဆက်လက်တင်းမာနေသည်ဟု သိရသည်။

 မိုးမိတ်မြို့နယ်၊ ဝမ်အုံကျေးရွာ၏မြောက်ဘက် ဟွေခမ်းတောင်ကြော၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့ ညနေပိုင်းတွင် စတင်ဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၃)ဦးသေဦ (၅)ဦး ဒဏ်ရာရသွားကာ ယနေ့တွင်လည်း စစ်ကောင်စီတပ်ဘက်က အင်အားထပ်ဖြည့်ထား၍ နှစ်ဖက်အခြေအနေတင်းမာနေသည်ဟု SSPP/SSA က သတင်းထုတ်ပြန်ထားသည်။

ယင်းနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ခမရ (၃၄၈)၊ ခလရ (၂၇၆) ပူးပေါင်းစစ်ကြောင်း အင်အား ၆၀ ဝန်းကျင်က မိုးမိတ်မြို့မှ ဝမ်အုံကျေးရွာအုပ်စုရှိ SSPP/SSA တပ်ဖွဲ့လှုပ်ရှားနေသည့် ဟွေခမ်းတောင်ကြောဘက်ကိုချီတက်လာရာ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က မိုးမိတ်မြိုနယ်အတွင်းရှိ SSPP/SSA တပ်ဖွဲ့များ မိုးမိတ်မှ ထွက်သွားရန်  စက်တင်ဘာလ (၁၆)ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် မိုးမိတ်အတွင်းရှိ SSPP/SSA တာဝန်ခံများထံ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး SSPP/SSA က ထွက်မသွားသဖြဖင့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁) ရက်နေ့ကလည်း မိုးမိတ်မြို့နယ်၊ မိုးဘုံကျေးရွာနှင့် ဝမ်အုံကျေးရွာကြား၌ SSPP/SSA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

SSPP/SSA သည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနေသည့်အဖွဲ့များမှ တစ်ဖွဲ့ဖြစ်သည်။