ရှားတောမြို့နယ်အတွင်း ကလေး(၃)ဦး၊ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါ အရပ်သား(၇)ဦးကို သတ်ဖြတ်သွားသည့် စစ်ကောင်စီတပ်သားများကို ဖမ်းဆီးရမိထား

ရှားတောမြို့နယ်အတွင်း ကလေး(၃)ဦး၊ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါ အရပ်သား(၇)ဦးကို သတ်ဖြတ်သွားသည့် စစ်ကောင်စီတပ်သားများကို ဖမ်းဆီးရမိထား
ဖေဖော်ဝါရီ 17, 2024 | 2021 Military Coup| ကယား

ရှမ်း-ကရင်နီနယ်စပ် ရှားတောမြို့နယ်အတွင်း ကလေး(၃)ဦး၊ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါ အရပ်သား(၇)ဦးကို သတ်ဖြတ်သွားသည့် စစ်ကောင်စီတပ်သားများကို ဖမ်းဆီးရမိထားကြောင်း KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက အသိပေးထားသည်။

စစ်ရှောင်မိသားစုများအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်သားများကို သေသွားသည့်ကလေးများ၏ မျက်နှာအား ကြည့်ခိုင်းရာ မကြည့်ရဲကြဟုလည်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

"အဲ့တော့ ကျနော်တို့ပြည်သူတွေလည်း အဲ့လိုကောင်တွေဟာ ဘယ်လိုကောင်တွေလည်းဆိုတာ မြင်ရအောင်ပြပေးလိုက်ပါတယ်။ သူတို့ မိသားစုတွေမြင်ပါစေ အနီနဲ့ကတပ်သား ကွက်ကျားနဲ့က သုံးပွင့်ဗိုလ်ကြီး။ ရှားတောမှာ ကြိုးစားခဲ့ကြတဲ့ တော်လှန်ရေးတပ်၊ ဗိုလ်၊တပ်မှူးအားလုံး ရဲဘော်ရဲဘက်အားလုံး အထောက်အကူပြုအဖွဲ့တွေအားလုံး ဆေးဖက်ဆိုင်ရာနှင့် ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး တကယ်တော်ကြပါတယ် လေးစားပါတယ်။ ဒီလူတွေကို ရှင်းပလိုက်လို့လာမပြောကြပါနဲ့ ကလေးတွေအတွက်တရားမျှတမှုကို ကျန်ခဲ့တဲ့မိဘတွေ ဆွေမျိုးတွေအတွက် ရှာဖွေဖို့လိုပါတယ်။ ဒီကောင်တွေ ဒီအတိုင်းသေသွားလို့မရပါဘူး။ သူတို့ရဲ့ သခင် မင်းအောင်လှိုင်ကိုပါ ဆွဲခေါ်သွားဖို့လိုပါတယ်။"ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် တောင်ယာခင်းတစ်ခုအတွင်း စစ်ရှောင်နေကြသည့် အရပ်သားမိသားစု (၃)စုအား စစ်ကောင်စီတပ်က အင်အား (၆၀)ကျော်ဖြင့် ဖမ်းဆီးကာ လမ်းပြစေခဲ့ပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည့် အရပ်သားကလေးငယ် (၃)ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အမျိုးသမီး (၃)ဦး၊ ကိုယ်ဝန်အတွင်း သန္ဓေသားလောင်း (၁)ဦးနှင့် အမျိုးသား (၁)ဦး၊ စုစုပေါင်း (၇)ဦးတို့ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ 

ရှားတောမြို့ကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်(၁၅၀)ကျော်နှင့် စစ်ကောင်စီတပ်သား (၄၀)ကျော်တို့ကို ဖမ်းဆီးရမိခဲ့သည်။

ရှားတောမြို့ကို  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကရင်နီတော်လှန်ရေးတပ်များဖြစ်သည့် ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့က အပြီးသတ် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

#TachileikNewsAgency