ကာဂျစ်စတန် နှင့် တာဂျစ်ကစ္စတန် နယ်စပ်တိုက်ပွဲ ဖြစ်ပွားပြီး လူ (၃၀) နီးပါး သေဆုံး၊ ရုရှားက ကြားဝင် ဖျန်ဖြေ

ကာဂျစ်စတန် နှင့် တာဂျစ်ကစ္စတန် နယ်စပ်တိုက်ပွဲ ဖြစ်ပွားပြီး လူ (၃၀) နီးပါး သေဆုံး၊ ရုရှားက ကြားဝင် ဖျန်ဖြေ
စက်တင်ဘာ 18, 2022 | နိုင်ငံတကာသတင်း
By Mr John

ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်း နိုင်ငံများဖြစ်သည့် ကာဂျစ်စတန်နှင့် တာဂျစ်ကစ္စတန် နှစ်နိုင်ငံနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ လူ (၃၀) နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။  

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း နယ်စပ်အငြင်းပွားမှုဖြင့် ကာဂျစ်စတန်နှင့် တာဂျစ်ကစ္စတန်တို့ကြား ထိတွေ့တိုက်ခိုက်မှုများ ပုံမှန်ဖြစ်ပွားလေ့ရှိသည်။

ယခု အသစ်ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ လက်ရှိ သီတင်းပတ်အစောပိုင်းတွင် စတင်ခဲ့ပြီး အပစ်အခတ်ရပ်စဲရန် သဘောတူညီထားကြသော်လည်း စက်တင်ဘာလ (၁၆) ရက်နေ့အထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

နှစ်နိုင်ငံလုံးက စတင်တိုက်ခိုက်မှုနှင့် အပစ်အခတ်ရပ်စဲမှု ချိုးဖောက်မှုအတွက် အပြန်အလှန် အပြစ်ဖို့ခဲ့ကြသည်။

နယ်စပ်တိုက်ပွဲအတွင်း နိုင်ငံသား (၂၄) ဦး သေဆုံးပြီး (၈၇) ဦး ဒဏ်ရာရခဲ့ကြောင်း ကာဂျစ်စတန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြောင်း ရုရှားသတင်းဌာန Interfax က ဖော်ပြသည်။ 

သေဆုံးဒဏ်ရရသူများအနက် စစ်သားအရေအတွက် မည်မျှပါဝင်ကြောင်းကိုမူ ကျန်းမာရေးဝန်ကြီးဌာနက မပြောခဲ့ဟု ဆိုသည်။ 

တိုက်ပွဲဖြစ်ပွားရာ နယ်စပ်ဒေသမှ အရပ်သား (၁၃၆,၀၀၀) ကျော်ကို ရွှေ့ပြောင်းပေးခဲ့ကြောင်း ကာဂျစ်စတန် အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက ပြောသည်။

နယ်စပ်တိုက်ပွဲတွင် ၎င်းတို့ဘက်မှ အနည်းဆုံး လူ (၃) ဦး သေဆုံးကြောင်း တာဂျစ်ကစ္စတန်က အစောပိုင်း ထုတ်ပြန်မှုအရ သိရှိရသည်။ 

တိုက်ပွဲကြောင့် တာဂျစ်ကစ္စတန်တွင် နယ်စပ်ဒေသမှ လူ (၂၀,၀၀၀) နီးပါး ထွက်ပြေးခဲ့ကြကြောင်း ဒေသဆိုင်ရာ ကြက်ခြေနီအဖွဲ့က ပြောသည်။ 

ယခု နယ်စပ်တိုက်ပွဲက နှစ်နိုင်ငံကြား အလုံးစုံစစ်ပွဲတစ်ခု ဖြစ်လာနိုင်မှုအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

ကာဂျစ်စတန်နှင့် တာဂျစ်ကစ္စတန်တို့ကြား မိုင် (၆၀၀) ရှည်လျားသည့် နယ်စပ်ချင်းထိစပ်နေပြီး ထိုနယ်စပ်၏ သုံးပုံတစ်ပုံကျော်မှာ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နေရာများဖြစ်သည်။ 

အဆိုပါ နှစ်နိုင်ငံလုံးနှင့် နီးကပ်သည့် ဆက်ဆံရေးရှိထားသော ရုရှားနိုင်ငံက ကြားဝင်ဖျန်ဖြေမည်ဟု ကမ်းလှမ်းခဲ့ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး အရေးတကြီး ဆောင်ရွက်ကြရန် စက်တင်ဘာလ (၁၇) ရက်နေ့တွင် တောင်းဆိုခဲ့သည်။ 

ထိုနှစ်နိုင်ငံလုံးတွင် ရုရှားစစ်တပ်အခြေစိုက်စခန်းများ ရှိနေသည်။

စက်တင်ဘာလ (၁၇) ရက် ဒေသစံတော်ချိန် ညနေ (၄) နာရီမှတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စတင်သက်ရောက်ခဲ့သော်လည်း ထိုအချိန်နောက်ပိုင်းတွင် ၎င်း၏ ကျေးရွာ (၂) ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ကာဂျစ်စတန်က ဆိုသည်။ 

ကာဂျစ်စတန်နှင့် တာဂျစ်ကစ္စတန်တို့အပြင် ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်း နိုင်ငံများဖြစ်သည့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယား နှစ်နိုင်ငံကြားတွင်လည်း ယခုသီတင်းပတ်အတွင်း နယ်စပ်တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက် စစ်သားနှင့် အရပ်သား (၂၀၀) နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။

Source: BBC, Reuters

Photo:  Kyrgyz Border Guard Service/Handout via REUTERS,