ယနေ့ခေတ်က စစ်ပွဲခေတ်မဟုတ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ရုရှားသမ္မတ ပူတင်ကို ဒဲ့ပြော

ယနေ့ခေတ်က စစ်ပွဲခေတ်မဟုတ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ရုရှားသမ္မတ ပူတင်ကို ဒဲ့ပြော
စက်တင်ဘာ 17, 2022 | နိုင်ငံတကာသတင်း
By Mr John

(၇) လကြာပြီဖြစ်သည့် ယူကရိန်းနိုင်ငံအပေါ် ရုရှား၏ စစ်ပွဲနှင့် ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရင်ဒါမိုဒီက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယခုအချိန်မှာ စစ်ဖြစ်ရမည့်အချိန် မဟုတ်ကြောင်း လူသိရှင်ကြား တိုက်ရိုက်  ပြောဆိုလိုက်သည်။ 

ယူကရိန်းစစ်ပွဲကိစ္စ အနောက်နိုင်ငံများနှင့် ထိပ်တိုက်တွေ့ခဲ့ရာ သမ္မတပူတင်က တရုတ်နှင့် အိန္ဒိယကဲ့သို့ အဓိကကျသည့် အာရှအင်အားကြီးနိုင်ငံများရှိရာ အရှေ့သို့ရှေးရှုနိုင်ရာ ရုရှားမှာ အထီးကျန်မဖြစ်ကြောင်း ထပ်တလဲလဲ ပြောခဲ့သည်။

သို့သော် ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း Shanghai Cooperation Organisation (SCO) ထိပ်သီးအစည်းအဝေးတွင်မူ ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို အိန္ဒိယနှင့်တရုတ် ခေါင်းဆောင်များက ထုတ်ဖော်လာခဲ့ကြသည်။ 

ထိုအစည်းအ‌ဝေးသို့ တက်ရောက်လာသည့် တရုတ်သမ္မတရှီကျင့်ဖျင်က ယူကရိန်းစစ်ပွဲကိစ္စ စိုးရိမ်ပူပန်မှုနှင့် မေးခွန်းများရှိနေကြောင်း ရုရှားသမ္မတပူတင်က ဝန်ခံခဲ့သည်။

ယူကရိန်းအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို နားလည်ကြောင်း ပူတင်က ရှီကျင့်ဖျင်ကို ပြောခဲ့ပြီး ပဋိပက္ခအပေါ် မျှတသည့် ရပ်တည်မှုအတွက် တရုတ်သမ္မတကို ချီးကျူးခဲ့သည်။ 

ယခုအခါ နောက်ထပ် အာရှအင်အားကြီး အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်မိုဒီကလည်း အလားတူ စိုးရိမ်ပူပန်ကြောင်း လူသိရှင်ကြား ပြောလာခဲ့ခြင်း ဖြစ်သည်။

"ဒီနေ့ခေတ်က စစ်ပွဲခေတ် မဟုတ်ဘူးလို့ ကျွန်တော် နားလည်ထားတယ်။ ကျွန်တော် ခင်ဗျားကို ဒီအကြောင်း ဖုန်းနဲ့ပြောခဲ့တယ်" ဟု မိုဒီက ပူတင်ကို ပြောသည်။ 

ယူကရိန်းစစ်ပွဲကိစ္စ မိုဒီထံတွင် စိုးရိမ်မှုများရှိသည်ကို နားလည်ထားကြောင်း ပူတင်က ဆိုသည်။ 

သို့သော် ရုရှားအနေဖြင့် စစ်ပွဲအဆုံးသတ်ရန် အရာအားလုံးကို လုပ်ဆောင်နေခဲ့ကြောင်း ပူတင်က ပြောသည်။

"ယူကရိန်းစစ်ပွဲမှာ ခင်ဗျားရဲ့ ရပ်တည်ချက်၊ အမြဲတမ်းပြောတဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော် သိပါတယ်။ စစ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး ရပ်တန့်ဖို့ ကျွန်တော်တို့ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ" ဟု ရုရှားသမ္မတက အိန္ဒိယဝန်ကြီးချုပ်ကို ပြောသည်။ 

ယူကရိန်းဘက်က ညှိနှိုင်းမှုများကို ပယ်ချခဲ့သည်ဟုလည်း ပူတင်က ဆိုသည်။

ရုရှားစစ်သားများ အားလုံးကို ၎င်း၏မြေပေါ်မှ မောင်းထုတ်ပြီးသည်အထိ ဆက်လက် တိုက်ခိုက်မည်ဟု ယူကရိန်းက ပြောထားကြောင်း ပူတင်က အိန္ဒိယဝန်ကြီးချုပ်မိုဒီကို ပြောခဲ့သည်။ 

ပူတင်က ၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ၎င်း၏တပ်ဖွဲ့များကို ယူကရိန်းနိုင်ငံအတွင်း ကျူးကျော်ရန် အမိန့်ပေးခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားလာခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စစ်သားနှင့် အရပ်သားများ သေဆုံးမှု ထောင်သောင်းချီရှိခဲ့ကြောင်း သိရသည်။

စစ်ပွဲစတင်ပြီးနောက် ယူကရိန်းအရှေ့မြောက်ပိုင်း Kharkiv နယ်မြေတွင် ရုရှားသိမ်းပိုက်ထားခဲ့သည့် နေရာအများအပြားကို ယူကရိန်းတပ်ဖွဲ့များက ယခုရက်ပိုင်းအတွင်း တန်ပြန်ထိုးစစ်ဖြင့် ပြန်လည်ရယူခဲ့ပြီး ရုရှားတပ်ဖွဲ့များ ဆုတ်ခွာနေရကြောင်း သိရသည်။ 

ယူကရိန်းတပ်ဖွဲ့များက ယခင် ရုရှားသိမ်းပိုက်ခဲ့သည့် နိုင်ငံအရှေ့ပိုင်း နယ်မြေအကျယ်အဝန်း (၃,၀၈၈) စတုရန်းမိုင်ကို ပြန်လည်ရယူနိုင်ခဲ့သည်ဟု သမ္မတဇီလန်းစကီးက စက်တင်ဘာလ (၁၃) ရက်နေ့တွင် ပြောခဲ့သည်။

တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အီရန်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ အဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်ကြသည့် Shanghai Cooperation Organisation (SCO)  အဖွဲ့အစည်း၏ ယခုနှစ် ထိပ်သီးအစည်းအ‌ဝေးကို ဥဇဘက်ကစ္စတန်နိုင်ငံတွင် စက်တင်ဘာလ (၁၅) ရက်နှင့် (၁၆) ရက် နှစ်ရက်ကြာ ကျင်းပပြုလုပ်ကြောင်း သိရသည်။

Source: Reuters