တာချီလိတ်မြို့တွင် ယာဉ်ထိန်းရဲအဖွဲ့က ကားဆိုင်ကယ်များကို တစ်နေ့လျှင် (၂)ကြိမ် ရှောင်တခင် စစ်ရန် စီစဉ်နေ

တာချီလိတ်မြို့တွင် ယာဉ်ထိန်းရဲအဖွဲ့က ကားဆိုင်ကယ်များကို တစ်နေ့လျှင် (၂)ကြိမ် ရှောင်တခင် စစ်ရန် စီစဉ်နေ
စက်တင်ဘာ 13, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ် အချိန် (၂)ချိန်ခွဲပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးမှုအဖြစ် ရှောင်တခင် စစ်ဆေးရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

"နေ့စဉ် နေရာအတည်တကျတော့ မရှိဘူး။ ရှောင်တခင် စစ်ဆေးဖို့ စီစဉ်နေကြတယ်။ စစ်မဲ့ နေရာကိုတော့ သတင်းပေါက်ကြားမှာဆိုးလို့ ကြိုပြောမှာ မဟုတ်ဘူး။ နေ့စဉ် နံနက်(၉)နာရီကနေ နံနက်(၁၁)နာရီခွဲက တချိန်၊ နေ့လည်ပိုင်းအနေနဲ့ကတော့ (၂)နာရီခွဲကနေ ညနေ(၄)နာရီအထိ စစ်ဆေးဖမ်းဆီးမယ်လို့ သိရတယ်။ အခြေခံအားဖြင့်ကတော့ မဖြစ်မနေ ဒဏ်ငွေ လာလိမ့်မယ်"ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

ဆိုင်ကယ်ဦးထုပ် မဆောင်းခြင်း၊ နောက်ကြည့်မှန်မတပ်ခြင်း နှင့် လမ်းပြောင်းပြန်ရပ်တန့် ယာဉ်များကို အရေးယူခြင်း အပြင် ယာဉ်/လမ်းစည်ကမ်း ချိုးဖောက်သည့် ကား/ဆိုင်ကယ်များကို တနေ့လျှင် (၂)ကြိမ် နှုန်းဖြင့် ရှောင်တခင်စစ်ဆေးမည်ဟု သိရသည်။

၎င်းတို့အနေဖြင့် အဓိက အားဖြင့် ရှမ်းရိုးမကွင်းရှေ့၊ ချစ်ကြည်ရေးတံတား(၁)အဝိုင်းပတ်၊ ကျောက်တိုင်အနီး၊ ယာဉ်ထိန်းရုံးအနီး၊ ပုံလို့သွားလမ်း၊ ရွှေဗူးသီးဟိုတယ်အနီး၊ ခမရ(၃၃၁)အနီး၊ မြို့ဝင်ဆိုင်းဘုတ်အနီး၊ မြို့ပတ်လမ်း စသည့်နေရာများတွင် ယခင်ကလို ရှောင်တခင် စစ်ဆေးမည်ဖြစ်သည့်အပြင် လှည့်လည်ပြီးတော့လည်း စစ်ဆေးမည်ဟု သိရသည်။

"တာချီလိတ်မှာ ဆိုင်ကယ်တွေ ပါဝါအိတ်ဇောတပ်ပြီး မောင်းနေတာတွေကို ကိုင်တွယ်ပေးနိုင်ရင် ကောင်းလိမ့်မယ်။ အရင်တုန်းကလည်း လုပ်တော့ လုပ်တာပဲ။ ခဏတာဟန်ပြ လုပ်ပြီး ငြိမ်သွားတယ်။ အခုလည်း ခဏတာ လုပ်ပြပြီး ငြိမ်သွားမဲ့ သဘောလို့ တာချီလိတ်ထုံးစံအတိုင်း ကြိုမြင်နေမိတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။

 အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲစု(တာချီလိတ်ခရိုင်)ယာဉ်ထိန်းရဲတပ်ဖွဲ့က အဖွဲ့စုံဖြင့် ရှောင်တခင် စစ်ဆေးနိုင်ရန်အတွက် အခြားဌာနမှ အင်အားများ ပါဝင်အားဖြည့်ပေးရန်လည်း တောင်းဆိုထားကြောင်း သိရသည်။

#TachileikNewsAgency