တာချီလိတ်တွင် စိုးရိမ်ရေမှတ်ကျော်နေသည့် မယ်ဆိုင်ချောင်းရေ ညနေပိုင်းတွင် ထပ်မံမြင့်တက်လာ

တာချီလိတ်တွင် စိုးရိမ်ရေမှတ်ကျော်နေသည့် မယ်ဆိုင်ချောင်းရေ ညနေပိုင်းတွင် ထပ်မံမြင့်တက်လာ
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်ကို ကျော်သွားရာမှ ညနေပိုင်းတွင် ချောင်းရေထပ်မံမြင့်တက်ကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကြမ်းပြင်ကို ရောက်နေပြီဖြစ်သည်။

ရေက ၉ ရက်နေ့ကလည်းတက်တယ်။ ရေနည်းနည်းပြန်ကျလို့ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ မနေ့ညက ပြန်တက်လာတယ်။ ဒီနေ့ ညနေပိုင်းမှာ ထပ်တိုးလာတာ။ လက်ရှိမြို့ပေါ်ကတော့ မိုးမရွာဘူး။ မိုးတွေကလည်း အုံ့မှိုင်းနေတယ်။ ဒီတိုင်းသာဆို ညဘက် စိတ်မချရဘူး။ အခုလည်း ရေက တရိပ်ရိပ်ထပ်တိုးနေတာ။ တာလော့အတွင်းပိုင်းဘက် ပိုဆိုးတယ်။ တံတားအောက်ရယ် တာလော့ တရုတ်ဘုန်းကြီးကျောင်းနားဆိုရင် ရေက ခါးလောက်အထိရှိနေပြီ

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ပြောသည်။

နှစ်စဉ်နှစ်နိုင်ငံ နယ်စပ်ချောင်းရေမြင့်တက်မှုကို တာချီလိတ်နှင့် မယ်ဆိုင်မြို့များရှိ ချောင်းကမ်းဘေး အနိမ့်ပိုင်းနေရာများတွင် ရေကြီးနစ်မြုပ်မှုကို နှစ်စဉ်ကြုံတွေ့ခဲ့ကြရသော်လည်း ယခုနှစ်တွင် ချောင်းရေ စံချိန်တင်မြင့်တက်ခဲ့သည့်အပြင် ရေတက်သည့်အကြိမ်ရေလည်း ပိုများလာခြင်းဖြစ်သည်။

မယ်ဆိုင်ချောင်းရေမှာ ယနေ့ နံနက် (၈)နာရီခွဲကတည်းက စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ကျော်လွန်နေခဲ့ခြင်းဖြစ်ပြီး နောက်ထပ် တစ်ရက်၊ နှစ်ရက်အတွင်း (၂)ပေခန့် ဆက်လက်တက်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားခြင်းဖြစ်သည်။



ချောင်းရေမြင့်တက်မှုကြောင့် တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်ရှိ ချောင်းကမ်းပါး အနိမ့်ပိုင်းရပ်ကွက်များတွင် ယမန်နေ့ကတည်းက ရေဝင်နစ်မြုပ်မှုများဖြစ်နေသည်။