ဝစီပိတ်ဆရာတော်၏ မွေးနေ့ တစ်ရက်အလိုတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ် ဆက်ကပ်

ဝစီပိတ်ဆရာတော်၏ မွေးနေ့ တစ်ရက်အလိုတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ် ဆက်ကပ်
မေ 14, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝစီပိတ်ဆရာတော်အား ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သည့် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်ကို ဝစီပိတ်ဆရာတော်၏ မွေးနေ့တစ်ရက်အလိုတွင် ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရ ပဓာန နာယက ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်သည် ယနေ့ ၂၀၂၃ခုနှစ် မေလ(၁၄)ရက်နေ့တွင် သက်တော်(၆၆)နှစ်ပြည့်သည်ဖြစ်ရာ မေလ(၁၃)ရက်နေ့တွင် ပြုလုပ်သည့် ထီးတော်တင်ပွဲ အခမ်းအနားတွင်  အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်အား အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်ကပ်လှူဒါန်းခြင်း ဖြစ်သည်။

ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက် ဌာပနာတော်သွင်းလှူပူဇော်ခြင်း၊ ရွှေထီးတော် အထွတ်တင်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ၂၀၂၃ခုနှစ် မေလ(၁၃)ရက်နေ့၏ နံနက်ပိုင်းကကျင်းပြုလုပ်ရာ သီတဂူဆရာတော်လည်း ကြွရောက်ခဲ့သည်။ 

ယနေ့ မေလ(၁၄)ရက်နေ့တွင် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရကျောင်းတိုက်၏ ပဓာနနာယက  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)၏ သက်တော်(၆၆)နှစ်ပြည့် မွေးနေ့ကိုလည်း  သီလဓမ္မကုန်းသာ တောရကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိကြောင်း သိရသည်။