UWSA "ဝ" ပြည်တွင်းသို့ ရှမ်း(မြောက်)ဘက်က ရောက်ရှိလာသည့် ထောင်နှင့်ချီသော စစ်ရှောင်များ ရှမ်း(ရှေ့)ဘက်သို့ ရွှေ့ပြောင်းနေ

ပုံအညွှန်း - စစ်ဘေးရှောင်များအရေး UWSA တာဝန်ရှိသူများနှင့် ရှမ်းရှေ့ စစ်ကောင်စီတပ် အဖွဲ့တို့ တွေ့ဆုံစဉ်
ပုံအညွှန်း - စစ်ဘေးရှောင်များအရေး UWSA တာဝန်ရှိသူများနှင့် ရှမ်းရှေ့ စစ်ကောင်စီတပ် အဖွဲ့တို့ တွေ့ဆုံစဉ်
UWSA "ဝ" ပြည်တွင်းသို့ ရှမ်း(မြောက်)ဘက်က ရောက်ရှိလာသည့် ထောင်နှင့်ချီသော စစ်ရှောင်များ ရှမ်း(ရှေ့)ဘက်သို့ ရွှေ့ပြောင်းနေ
နိုဝင်ဘာ 10, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လတ်တလောတိုက်ပွဲများကြောင့် UWSA "ဝ" ပြည်အတွင်း စစ်ရှောင်လာသူအချို့ ဆက်လက်ရွှေ့ပြောင်းမှုများရှိနေပြီး ကျိုင်းတုံမြို့အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်ဒေသအတွင်းသို့ ထောင်နှင့်ချီသော စစ်ရှောင်များ ရွှေ့ပြောင်းနေကြကြောင်း သိရသည်။

ကျိုင်းတုံမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေကြစဉ်

“တစ်ရက်ကို တစ်ခါတစ်လေ တစ်ထောင်၊ တစ်ခါတစ်လေ နှစ်ထောင်ကျော် ကားရှိရင် ရှိသလို မိုင်းယန်းဂိတ်အထိ ပို့ပေးနေတာရှိပါတယ်။ ကားရှိရင် ရှိသလို ခွဲ ခွဲပြီး ပို့ပေးနေပါတယ်’ဟု UWSA “ဝ” ပြည်နယ် ပြင်ပဆက်ဆံရေးရုံး(လားရှိုး) ၏ တာဝန်ခံ ဦးညီရမ်းက Tachileik News Agency ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ပြောသည်။ 

ကျိုင်းတုံမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေကြစဉ်

UWSA "ဝ"ပြည် နန်းတစ်ဒေသသို့ အောက်တိုဘာလ (၂၇)ရက်နေ့မှစ၍ တောက်လျှောက်ဝင်လာသည့် စစ်ဘေးရှောင်များကို လက်ခံကူညီထားပြီး ၎င်းတို့ဆန္ဒအရ ပြန်လိုသူများကိုလည်း အနီးစပ်ဆုံးနေရာများအထိ UWSA က ပို့ဆောင်ပေးနေသည်ဟု သိရသည်။

“သူတို့ရဲ့စိတ်ဆန္ဒအတိုင်း သူတို့ပြန်ချင်တဲ့ဘက်ကို ကျွန်တော်တို့ စီစဉ်ပေးတဲ့သဘောပါ”ဟု ဦးညီရမ်းက ပြောသည်။

UWSA "ဝ"ပြည်အတွင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များ၏ ဆန္ဒအရ ကျိုင်းတုံဘက် ပြန်လိုသူများအား မိုင်းယောင်းဂိတ်အထိသို့ UWSA ၏ အစီအစဉ်ဖြင့် ပို့ဆောင်ပေးနေခြင်းဖြစ်ပြီး အဆိုပါ စစ်ရှောင်များကို စစ်ကောင်စီအဖွဲ့ဘက်က စစ်ဆေးခြင်းများလည်းရှိကြောင်း သိရသည်။

ယနေ့အချိန်ထိ လမ်းအခြေအနေပေးသည်နှင့် စစ်ရှောင်ထောင်နှင့်ချီ၍ ဝင်လာနေကြဆဲဖြစ်ပြီး နိုဝင်ဘာလ (၁၀)ရက်နေ့အထိ UWSA "ဝ"ပြည်အတွင်း စစ်ရှောင်တစ်သောင်းခွဲဝန်းကျင် ခိုလှုံနေကြဆဲဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ (၂၇)ရက်နေ့က စတင်သည့် တိုက်ပွဲများကြောင့် UWSA နယ်မြေ "ဝ" ပြည်ရှိ နမ့်တစ်ဒေသသို့ ချင်းရွှေဟော်၊ ကွမ်းလုံ၊ နမ့်ဟူးနှင့် လောက်ကိုင်ဒေသများမှ စစ်ဘေးရှောင်သူများ ဝင်ရောက်လာကြကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့က operation 1027 ဖြင့် စစ်ကောင်စီတပ်စခန်းများကို အောက်တိုဘာလ (၂၇)ရက်နေ့မှစ၍ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေရာ တိုက်ပွဲဖြစ်ဒေသများမှ ဒေသခံများမှာ နီးစပ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

 

 

Photo: UWSA, Yan Naing