Covid-19 ကူးစက်မှု မြှင့်တက်နေဆဲဖြစ်သည့် မိုင်းဆတ်မြို့တွင် ကလေးငယ်များကို အတင်းခြိမ်းခြောက်ပြီး ကျောင်းလာတက်ခိုင်းနေ

Covid-19 ကူးစက်မှု မြှင့်တက်နေဆဲဖြစ်သည့် မိုင်းဆတ်မြို့တွင် ကလေးငယ်များကို အတင်းခြိမ်းခြောက်ပြီး ကျောင်းလာတက်ခိုင်းနေ
ဒီဇင်ဘာ 14, 2021 | ပညာရေး| Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း Covid-19 ကူစက်မှု မြှင့်တက်နေဆဲဖြစ်သည့်  မိုင်းဆတ်မြို့တွင် မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက(၂)ကျောင်းက ကျောင်းမလာတက်သည့် ကလေးများကို အတန်းပေးမတက်ဘူးဟု  ပြောဆို ခြိမ်းခြောက်ကာ ကျောင်းအတင်းလာခိုင်းနေသည်။

မိုင်းဆတ်မှာ ကျောင်းတွေပြန်ဖွင့်တော့ အရင်အပ်ထားတဲ့ ကလေးတွေက တစ်ချို့ ကိုဗစ် ရောဂါကြောက်လို့ မသွားရင် ဆရာမတွေက ကျောင်းမလာရင် အတန်းပေး မတက်ဘူး ကျောင်းလာရင် အတန်းပေးတက်မယ်ဆိုပြီး ဖုန်းဆက်ပြီးခေါ်နေတာ။ ဆရာမတွေက နီးရာကလေးတွေကို လိုက်ပြောနေတာ။  အဲ့တစ်ကျောင်းပဲကြားသေးတယ်။ တခြားကျောင်းတွေတော့ ပြောသံမကြားသေးဘူး

ဟု မိုင်းဆတ် ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျောင်းလာမတက်ပါက အအောင်ပေးမည် မဟုတ်သလို ကျောင်းထုတ်မည်ဆိုသည့် သဘောသက်ရောက်နေသည်ဟုလည်း ဆိုသည်။

မိုင်းဆတ်မြို့တွင် Covid-19 ကူးစက်မှုများအနေဖြင့်  ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့၏ တစ်နေ့တာ စစ်ဆေးချက်အရ   အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက(၂)ကျောင်းတည်ရှိရာ မယ်ဆွမ်တောင်တွင် Covid-19 ကူးစက်ခံထားရသူ (၃)ဦး ထပ်တွေ့သလို မယ်ဆွမ်မြောက်မှ (၅)ဦး၊  ဝိန်းနေ ဒီမိုရွာ မှ (၁)ဦး နှင့် ဝမ်ကောင်းမှ (၃)ဦး စုစုပေါင်း (၁၂)ဦး ထပ်တိုးတွေ့ရှိရကြောင်း သိရသည်။

Covid-19 ကူးစက်ခံရပြီးနောက် သေဆုံးမှုအနေဖြင့် ဒီဇင်ဘာလ(၁၂)ရက်နေ့က ဟိုနားရွာမှ အမျိုးသမီးသေဆုံး၍ သေဆုံးသူမှာလည်း စုစုပေါင်း (၈)ဦးအထိ ရှိလာကြောင်းလည်း သိရသည်။

မိုင်းဆတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့အထိ Coivid-19 ကူးစက်ခံရသူ စုစုပေါင်း (၁၅၂၀)ကျော်အထိ ရှိနေပြီး လက်ရှိတွင် Covid-19 ပိုးတွေ့၍ စောင့်ကြည့်ထားရသူ လူဦးရေ စုစုပေါင်း (၁၆၀)ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။