တောင်ကိုရီးယားတွင် လေယာဥ်ပျံသန်းနေစဥ် အရေးပေါ်ထွက်ပေါက်ကို ဖွင့်ခဲ့သည့် ခရီးသည် ထောင်ဒဏ် (၁၀) နှစ်အထိ ကျခံရနိုင်

တောင်ကိုရီးယားတွင် လေယာဥ်ပျံသန်းနေစဥ် အရေးပေါ်ထွက်ပေါက်ကို ဖွင့်ခဲ့သည့် ခရီးသည် ထောင်ဒဏ် (၁၀) နှစ်အထိ ကျခံရနိုင်
By Mr John

 တောင်ကိုရီးယားနိုင်ငံတွင် လေယာဥ်ပျံသန်းနေစဥ် အရေးပေါ်ထွက်ပေါက်ကို ဖွင့်ခဲ့သည့် ခရီးသည်အမျိုးသားက ၎င်းမှာ အသက်ရှူကျပ်လာပြီး အပြင်သို့ အမြန်ထွက်လို၍ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့က ၂၀၂၃ခုနှစ် မေလ (၂၇) ရက်နေ့တွင် ပြောသည်။ 

ခရီးသည် (၂၀၀) နီးပါး လိုက်ပါလာသော Asiana Airlines လေကြောင်းလိုင်း၏ Airbus A321 လေယာဥ်၏ ပြည်တွင်းလေကြောင်းခရီးစဥ်အတွင်း အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေယာဥ်မှာ ဆိုးလ်မြို့တော်၏ အရှေ့တောင်ဘက် (၁၄၉) မိုင်ခန့်အကွာရှိ ဒယ်ဂူး နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ရန် ပြေးလမ်းသို့ ချဥ်းကပ်လာစဥ် ခရီးသည်အမျိုးသားတစ်ဦး အရေးပေါ်ထွက်ပေါက်ကို ရုတ်တရက် ဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

အရေးပေါ်ထွက်ပေါက်ကို ဖွင့်ခဲ့သည့် အမျိုးသားမှာ အသက် (၃၀) နှစ်ကျော်အရွယ်ဖြစ်ကြောင်း ပြောခဲ့သော်လည်း နောက်ထပ် အသေးစိတ်ကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော်မပြောခဲ့ဟု ဆိုသည်။

လေယာဥ်ဆင်းသက်ခါနီး အမြင့်ပေ (၇၀၀) ခန့်တွင် ထိုအမျိုးသားက အရေးပေါ်ထွက်ပေါက်ကို ဖွင့်လိုက်ရာ လေယာဥ်ပေါ်တွင် လိုက်ပါလာသော လူအချို့က လေယာဥ်၏ ၎င်းအား တားဆီးရန် ကြိုးပမ်းခဲ့ကြပြီး အရေးပေါ်ထွက်ပေါက် တံခါးမှာ အတန်ငယ်ပွင့်သွားခဲ့သည်ဟု တောင်ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးဌာနက‌ ပြောသည်။

ဒယ်ဂူး လေဆိပ်တွင် လေယာဥ်ဆင်းသက်ပြီးနောက် အဆိုပါ ခရီးသည်အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းမှာ မကြာသေးမီက အလုပ်ပြုတ်ခဲ့ပြီးနောက် စိတ်ဓာတ်ကျ စိတ်ဖိစီးနေကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။ 

"သူက လေယာဥ်ခရီးစဥ်က ပုံမှန်ထက် ပိုကြာနေတယ်လို့ ခံစားရပြီး လေယာဥ်ထဲမှာ အသက်ရှူကျပ်လာတယ်လို့ ထွက်ဆိုခဲ့တယ်။ သူက အပြင်ကို အမြန်ထွက်ချင်ခဲ့တယ်" ဟု ဒယ်ဂူး ရဲတပ်ဖွဲ့မှ စုံထောက်တစ်ဦးက ပြောသည်။

လေယာဉ် ပျံသန်းနေစဥ် အရေးပေါ်ထွက်ပေါက်ကို ဖွင့်ခဲ့သည့် ခရီးသည်အမျိုးသားမှာ လေယာဥ်ပျံသန်းမှု ဘေးကင်းလုံခြုံရေး ဥပဒေများကို ချိုးဖောက်မှုအတွက် ထောင်ဒဏ် (၁၀) နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။ 

ယခုဖြစ်ရပ်ကို လေယာဥ်ပေါ်တွင် လိုက်ပါလာသူတစ်ဦးက ဗီဒီယိုရိုက်ကူးခဲ့ပြီး ဆိုရှယ်မီဒီယာတွင် တင်ထားခဲ့သည်။

ထိုဗီဒီယိုတွင် ခရီးသည်အချို့၏ ဆံပင်များ လေကြောင့် လွင့်နေခဲ့သည်ကို တွေ့ရပြီး လေယာဥ်အတွင်း လေတိုးဝင်သံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည်။ 

ခရီးသည်အချို့မှာ ထိုင်ခုံလက်တန်းများကို ဆုပ်ကိုင်ထားကြသည်ကိုလည်း တွေ့ရသည်။ 

ယခုဖြစ်ရပ်ကြောင့် လေယာဥ်ပေါ်တွင် လိုက်ပါလာသူများ ကြောက်လန့်တကြား ဖြစ်ခဲ့ကြရသည်။ လေယာဥ်ဆင်းသက်ပြီးနောက် အသက်ရှူရခက်ခဲနေသည့် ခရီးသည် (၉) ဦးကို လေဆိပ်အနီးရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

 

Source: AFP