ဖားကန့်-ဆယ်ဇင်းအောက်ဘက်ရှိ ကြိုးတံတားစောင့် SNA တပ်များကို KIA တိုက်ခိုက် လက်နက်ခဲယမ်းများရ

ဖားကန့်-ဆယ်ဇင်းအောက်ဘက်ရှိ ကြိုးတံတားစောင့် SNA တပ်များကို KIA တိုက်ခိုက် လက်နက်ခဲယမ်းများရ

ကချင်ပြည်နယ်၊ ဖားကန့်-ဆယ်ဇင်းအောက်ဘက်ရှိ စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် ရှမ်းနီတပ်မတော် (SNA)တပ်ဖွဲ့၏ ကြိုးတံတားစောင့် ဂိတ်စခန်းအား ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၇)ရက်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း KIAနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ တံတားဂိတ်စောင့် SNAတပ်ဖွဲ့ဝင်များကို KIAတပ်မဟာ(၉)၊ အမှတ်(၂၆)တပ်ရင်း တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ SNAဘက်က ထိခိုက်သေဆုံးသူရှိပြီး စခန်းစွန့်ထွက်ပြေးသွားသဖြင့် လက်နက်၊ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယနေ့ နံနက်ပိုင်းတွင်ပင် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ် တပ်မ(၃၃)လက်အောက်ခံ ပုသိမ်ကြီးအခြေစိုက် ခလရ(၁၁၉)တပ်ရင်းတပ်ဖွဲ့များ နေရာယူ တပ်စခန်းချထားသော ကန့်ဆဲဘွမ်တပ်စခန်း(ကသိုင်းတောင် တပ်စခန်း)အား KIAတပ်မဟာ(၉)၊ အမှတ်(၆)တပ်ရင်း တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ကာ သိမ်းပိုက်ခဲ့သေးသည်။ 

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ လက်နက်ငယ်၊ လက်နက်ကြီး၊ ခဲယမ်း၊ ကျည်၊ ရိက္ခာများကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သား(၃)ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများကာ စခန်းစွန့်ထွက်ပြေး၍ တိုက်ပွဲဖြစ်ပွားရာနေရာများကို ဖားကန့်ဗျူဟာကုန်း၊ ဆန်းကြွယ်နှင့် ဆိုင်းတောင်ရှိ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : KIAတပ်သားများ (ပုံဟောင်း)